ရွှေဈေးကျလာချိန် စစ်ကောင်စီက ဈေးပြိုင်စနစ်နဲ့ ရောင်းချ

ပြည်တွင်း အခေါက် ရွှေဈေးနှုန်း ဆက်တိုက်ကျဆင်းလာချိန်မှာ ရွှေစင်တုံးနဲ့ ရွှေစင်ခဲတွေကို ဈေးပြိုင်တင်ဒါစနစ်နဲ့ ရောင်းချမယ်လို့ စစ်ကောင်စီရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၈ ရက် မနေ့က ကြေညာပါတယ်။

ရန်ကုန်မြို့မှ ရွှေအရောင်းဆိုင်တစ်ဆိုင်အား တွေ့ရစဉ်။ Photo: AFP

ပြည်တွင်း အခေါက် ရွှေဈေးနှုန်း ဆက်တိုက်ကျဆင်းလာချိန်မှာ ရွှေစင်တုံးနဲ့ ရွှေစင်ခဲ တွေကို ဈေးပြိုင်တင်ဒါစနစ်နဲ့ ရောင်းချမယ်လို့ စစ်ကောင်စီရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၈ ရက် မနေ့က ကြေညာပါတယ်။

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းက မြန်မာ့ကျောက်မျက်ရတနာ ပြတိုက်နဲ့ မန္တလေးမြို့ ၂၆ လမ်းနဲ့ ၆၆ လမ်းထောင့်မှာ ရှိတဲ့ Star Mart Mandalay တို့မှာ ဒီကနေ့ စက်တင်ဘာ ၂၉ ရက် နေ့လယ် ၁ နာရီကစပြီး သုံးပိဿာစီရောင်းချမှာဖြစ်ပြီး ဝယ်ယူလိုသူတွေက တင်ဒါပုံစံ ဖြည့်သွင်းရမှာပါ။

အခုလိုရောင်းချတာဟာ စစ်ကောင်စီက ရွှေဈေးကွက်ကို ထပ်မံထိန်းချုပ်ဖို့ ကြိုးစားလာတာ ဖြစ်ပေမယ့် ဘယ်ဈေးနဲ့ရောင်းချမယ်လို့ တရားဝင် ကြေညာထားတာ မရှိတဲ့အပြင် ရွှေဈေးကွက်လိုအပ်ချက်ကို ဖြည့်ပေးနိုင်မှာ မဟုတ်ဘူးလို့ ရွှေလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက RFA ကိုပြောပါတယ်။

“သူက တင်ဒါစနစ်နဲ့သွားတာ ဘယ်ဈေးနဲ့ဆိုတာလည်း မသိရသေးဘူး။ နောက်ပြီး ဘယ်လောက်အထိ ရောင်းမယ်ဆိုတာလည်း မပါသေးဘူး။ နေ့တိုင်းရောင်းမှာလား ဒါမှမဟုတ် ဒီသုံးပိဿာပဲလား ဆိုတာမသိသေးတော့ ပြောရခက်တယ်။ ဈေးကွက် လိုအပ်ချက်ကို ဖြည့်နိုင်မှ ဈေးကျမှာ။ ရွှေဈေးကတော့ အခုလကုန်အထိတော့ ကျနိုင်တယ် ဒေါ်လာဈေးပြန်ကျလို့ ရွှေဈေးကျတာ။ အောက်တိုဘာ လဆန်း ပိုင်းလောက်ကျရင်တော့ ပြန်တက်လာနိုင်တယ်”

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရွှေဈေးကွက် မတည်ငြိမ်တာကို ထိန်းချုပ်ဖို့ ရွှေဒင်္ဂါးပြား ၄၅၅ ကျပ်သားကို တစ်လအတွင်းရောင်းချခဲ့တယ်လို့ စက်တင်ဘာ ၂၀ ရက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

အကယ်ဒမီအခေါက် ရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းကစလို့ ဆက်တိုက် မြင့်တက်လာပြီးနောက် တစ်ကျပ်သားကို ကျပ် ၃,၂၀၀,၀၀၀ နဲ့ စံချိန်တင် မြင့်တက် ခဲ့တာပါ။

အခု စက်တင်ဘာလ နောက်ဆုံးအပတ်မှာတော့ အကယ်မီ အခေါက်ရွှေ ဈေးနှုန်းဟာ တစ်ကျပ်သားကို ကျပ် ၂,၆၀၀,၀၀၀ နဲ့ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတယ်လို့ ရွှေလုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org