ရွှေနဲ့ ဒေါ်လာဈေးနှုန်း ဆက်တိုက်မြင့်တက်လာ
ပြည်တွင်းရွှေဈေးနဲ့ ဒေါ်လာဈေးဟာ မေလပထမပတ်ကစ မြင့်တက်လာပြီး ဒီနေ့အထိ ပြန်မကျဘဲ စံချိန်တင်မြင့်တက်နေတာလို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
-
RFA Burmese
2024-05-25 -
-
-
ပြည်တွင်းအခေါက်ရွှေစျေးဟာ မေလ ၂၅ ရက် ဒီနေ့မနက်ပိုင်းမှာ တစ်ကျပ်သားကို ကျပ် ၅၂ သိန်းနီးပါး (၅,၁၉၀,၀၀၀) အထိ စံချိန်တင်မြင့်တက်လာပြီး အမေရိကန်ဒေါ်လာကလည်း တစ်ဒေါ်လာကို ၄၂၀၀ ကျပ်အထိ မြင့်တက်လာပါတယ်။
ပြည်တွင်းရွှေဈေးနဲ့ ဒေါ်လာဈေးဟာ မေလပထမပတ်ကစ မြင့်တက်လာပြီးနောက် ဒီနေ့အထိ ပြန်မကျဘဲ စံချိန်တင်မြင့်တက်နေတာလို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
လက်ရှိရွှေစျေးဟာ ပထမဆုံးအကြိမ် စံချိန်တင်မြင့်တက်နေတာလို့ ရန်ကုန်မြို့မှာရှိတဲ့ ရွှေလုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။
“စံချိန်တင် တက်သွားတယ်လို့ ပြောလို့ရတယ်။ ကျွန်တော် ရွှေလုပ်ငန်းလုပ်တဲ့ ကာလတစ်လျှောက်မှာ ၅၂ သိန်းဝန်းကျင်ဆိုတာ အမြင့်ဆုံးဈေးပဲ”
မေလ ၂၄ ရက်နေ့ မနေ့က ပြည်တွင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၅၂ သိန်းနီးပါး (၅,၁၆၀,၀၀၀) ဈေး ပေါက်ခဲ့သလို အမေရိကန်ဒေါ်လာ ငွေလဲနှုန်းကလည်း တစ်ဒေါ်လာကို ၄,၁၈၀ ကျပ်အထိ ဖြစ်ခဲ့ပါတယ်။
ပြည်တွင်းရွှေဈေးနဲ့ ဒေါ်လာဈေးဟာ အတက်ဘက်ကိုပဲ ဦးတည်နေတယ်လို့ ရွှေနဲ့ ဒေါ်လာလုပ်ငန်းရှင်တွေက ပြောပါတယ်။
ရန်ကုန်ရွှေအသင်းရဲ့ မေလ ၂၅ ရက်နေ့ ဈေးနှုန်းထုတ်ပြန်ချက်မှာတော့ အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ် သိန်း ၄၀ ခန့် (၃,၉၉၉,၅၀၀) သာ သတ်မှတ်ထားပေမဲ့ ပြင်ပဈေးကွက်မှာ ဆက်တိုက်မြင့်တက်နေတာပါ။
စစ်ကောင်စီရဲ့ ဗဟိုဘဏ်ကတော့ ပြင်ပဈေးကွက်မှာ ဈေးကစားသူတွေကို ထိထိရောက်ရောက် အရေးယူမယ်လို့ မကြာခဏ ပြောနေပေမဲ့ ရွှေနဲ့ ဒေါ်လာဈေးတွေ ကျဆင်းမသွားသေးပါဘူး။
စစ်တပ်အာဏာမသိမ်းခင်က ရွှေတစ်ကျပ်သား ၁၃ သိန်းဝန်းကျင်နဲ့ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို ၁၃၀၀ ကျပ်ဝန်းကျင်သာရှိခဲ့ပြီး အာဏာသိမ်းသုံးနှစ်ကျော်အတွင်း လေးဆနီးပါးမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။