မြန်မာစစ်တပ်ကျူးလွန်မှုတွေကို မစုံစမ်းဖို့ ဂျာမနီ ရှေ့နေချုပ်ဆုံးဖြတ်
အခုလို ဂျာမနီ အစိုးရရှေ့နေချုပ်က ဆုံးဖြတ်လိုက်တာကို အထူးစိတ်ပျက်တယ်လို့ Fortify Rights အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။
-
RFA Burmese
2023-11-30 -
-
-
မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ဂျာမနီအစိုးရရှေ့နေချုပ်က ငြင်းပယ်လိုက်တဲ့အကြောင်း Fortify Rights လူ့အခွင့်အရေးအဖွဲ့က နိုဝင်ဘာ ၃၀ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
Fortify Rights နဲ့ မြန်မာနိုင်ငံတွင်းက လူ ၁၆ ယောက်တို့က စာမျက်နှာ ၂၁၅ မျက်နှာပါတဲ့ တိုင်ကြားလွှာကို ဒီနှစ် ဇန်နဝါရီက တင်သွင်းခဲ့တာပါ။
၂၀၁၆ နဲ့ ၂၀၁၇ အတွင်းက ရိုဟင်ဂျာတွေပေါ် မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ အပေါင်းအပါတွေက ကျူးလွန်ခဲ့တာတွေနဲ့ ၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်ကစလို့ တစ်နိုင်ငံလုံးမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကမ္ဘာ့တရားစီရင်ပိုင်ခွင့်မူအရ တင်သွင်းခဲ့တာပါ။
အခုလို ဂျာမနီ အစိုးရရှေ့နေချုပ်က ဆုံးဖြတ်လိုက်တာကို အထူးစိတ်ပျက်တယ်လို့ Fortify Rights အမှုဆောင်အရာရှိချုပ် Matthew Smith ကပြောပါတယ်။ တိုင်ကြားလွှာမှာပါရှိတဲ့ သက်သေတွေနဲ့ ဥပဒေရေးရာ အချက်အလက်တွေကို သူတို့ အနေနဲ့ ယုံကြည်မြဲ ယုံကြည်ပါတယ်လို့လည်း ပြောပါတယ်။
ဆုံးဖြတ်ချက်ဟာ အထောက်အထားတွေရဲ့ အားသာချက်ပေါ် အခြေမခံဘူးလို့ ဂျာမနီရှေ့နေချုပ်ရုံးက ရှင်းရှင်းလင်းလင်းပြောကြားတယ်လို့ ဆိုပါတယ်။
တိုင်ကြားခံရတဲ့လူဟာ ဂျာမနီမှာ ရှိမနေဘဲ စုံစမ်းစစ်ဆေးရင်လည်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) လောလောဆယ် ဆောင်ရွက်နေတာနဲ့ ပုံတူပွားသလို ဖြစ်မယ်လို့ Fortify Rights ကို ဂျာမနီအစိုးရ ရှေ့နေချုပ်က ပြီးခဲ့တဲ့လက အကြောင်းကြားခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။