ဆန္ဒပြအလုပ်သမားတွေကို ပိတ်ဆို့မှုနဲ့ အမှုဖွင့်
ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် ဖုယွင်အထည်ချုပ်စက်ရုံရှေ့မှာ ဆန္ဒပြနေတဲ့ အလုပ်သမားတွေကို အလုပ်ရှင်ဖက်က စက်ရုံပိတ်ဆို့မှုနဲ့ အမှုဖွင့်လိုက်ပါတယ်။
-
2018-08-27 -
-
-
ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် ဖုယွင်အထည်ချုပ်စက်ရုံရှေ့မှာ ဆန္ဒပြနေတဲ့ အလုပ်သမားတွေကို အလုပ်ရှင်ဖက်က စက်ရုံပိတ်ဆို့မှုနဲ့ အမှုဖွင့်လိုက်ပါတယ်။
အမှုဖွင့်ထားတဲ့အကြောင်းကို ဒီနေ့ မနက်ပိုင်းမှာ မြို့နယ်ထွေအုပ်၊ မြို့နယ် ရဲတပ်ဖွဲ့မှူးတွေနဲ့ တွေဆုံစဉ်မှာ မြို့နယ် ရဲတပ်ဖွဲ့မှူးက အလုပ်သမားတွေကို ပြောလိုက်တာလို့ ဖုယွင် အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ မသက်ထားဆွေ က ပြောပါတယ်။
"မနက်ကတုန်းက ညှိနှိုင်းဖျန်ဖြေရေးကအဖွဲ့တွေ အုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ်မှူးတွေ စက်ရုံထဲကို လာတယ်၊ ပြီးတော့ ညီမတို့ကိုခေါ်တယ် ညှိနှိုင်းမှုမလုပ်ဘဲနဲ့ ထွေအုပ်နဲ့ မြို့နယ်မှူး ဦးမောင်မောင်နဲ့က ခေါ်ပြီး ခြိမ်းခြောက် တယ်။ အထွေထွေအုပ်ချုပ်ရေးမှူးကကျတော့ ကျမတို့က ဒီလိုမျိုးစက်ရုံကို ပိတ်ဆို့ထားတဲ့အတွက် ဥပဒေနဲ့ မညီညွှတ်ဘူး ဥပဒေကို ချိုးဖောက်တယ်ပေါ့ အဲလိုမျိုးပြောတယ် ရဲမှူး မောင်မောင်ကကျတော့ ဒီအလုပ်သမား တွေက စက်ရုံအပေါက်ကို ပိတ်ဆို့ထားတဲ့အတွက် သူတို့က ပိတ်ဆို့မှုနဲ့ အမှုလာဖွင့်ထားတယ် အမှုဖွင့်ထားတဲ့ ဥစ္စာကို သူတို့အနေနဲ့က အမှုဖွင့်ပေးထားတယ် သူတို့ လာပြီး အမှုဖွင့်ထားတဲ့အတွက် အမှုဖွင့်ပေးရမှာပဲလို့ ပြောတယ်"
အမှုဖွင့်ခံထားရတဲ့ ဆန္ဒပြအလုပ်သမားအရေအတွက်ကိုတော့ အတိအကျမသိရဘူးလို့ ဆိုပါတယ်။
ဒီမနက်မှာ သပိတ်စခန်း ဖွင့်လှစ်ဆန္ဒပြနေတဲ့ အလုပ်သမားတွေနဲ့ စက်ရုံမှာ အလုပ်ဆက်လုပ်နေတဲ့ အလုပ်သမား တွေ အကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ဆို ၇ရက်ရှိနေပြီဖြစ်တဲ့ အလုပ်သမား သပိတ်စခန်း ကို အကြမ်းဖက်ဖြိုခွဲမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဆန္ဒပြအလုပ်သမားတွေဟာ တရားဝင်ဆန္ဒပြခွင့် ရရှိထားတာ မဟုတ်တဲ့အတွက် သပိတ်စခန်းကို လုံခြုံရေး မပေးနိုင်သလို ဖြစ်လာတဲ့ ပြဿနာတွေကို တာဝန်မယူကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးက ဒီနေ့ ပြောကြောင်းလည်း မသက်ထားဆွေက ပြောပါတယ်။
အဲဒီစက်ရုံမှာ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် အယောက် ၃၀ ကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့က ကြိုတင် အသိပေးတာ မရှိဘဲ အလုပ်ထုတ်လိုက်တယ်ဆိုပြီး ရာဂဏန်းလောက်ရှိတဲ့ အလုပ်သမားတွေဟာ စက်ရုံရှေ့မှာ ဆန္ဒပြနေကြတာပါ။
စက်ရုံမှာ အလုပ်ရှင်အလုပ်သမား သဘောတူညီချက်အတိုင်း အလုပ်မလုပ်သူတွေ၊ စာချုပ် ချိုးဖောက်သူတွေ၊ ခွင့်မဲ့ပျက်ကွက်တာများသူတွေ၊ ကုန်ထုတ်လုပ်မှုကျဆင်းအောင် သွေးထိုးလှုံ့ဆော် သူတွေ စတဲ့ အလုပ်သမား အယောက် ၃၀ ကို သြဂုတ် ၂၀ ရက်နေ့ကစပြီး အလုပ်ရပ်စဲလိုက်တယ်လို့ အလုပ်ရှင်ဖက်က ထုတ်ပြန်ထား ပါတယ်။