အလွတ်သတင်းထောက်နှစ်ဦး အသတ်ခံရမှု RSF တုန်လှုပ်ချောက်ချား

အလွတ်သတင်းထောက် နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့တာကို တုန်လှုပ်ချောက်ချားရတယ်လို့ RSF က ကြေညာချက်ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် သတင်းထောက် ကိုထက်မြတ်သူ (ဝဲ) နှင့် ကိုဝင်းထွဋ်ဦး (ယာ) တို့အား တွေ့ရစဉ်။ CITIZEN PHOTO

မွန်ပြည်နယ် ကျိုက်ထိုမြို့မှာ အလွတ်သတင်းထောက် ကိုဝင်းထွဋ်ဦးနဲ့ ကိုထက်မြတ်သူတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီလ ၂၁ ရက်က ပစ်သတ်မှုကို တုန်လှုပ်ချောက်ချားရတယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က သြဂုတ် ၂၆ ရက်ကထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြလိုက်ပါတယ်။

ဒီသတင်းထောက်တွေနဲ့ပါဆို ၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်ကစလို့ သတင်းသမား ခုနစ်ယောက် သေဆုံးရပြီလို့ ဆိုပါတယ်။

ကိုထက်မြတ်သူအိမ်ကို စစ်ကောင်စီတပ်သား ၂၀ စီးနင်းဝင်ရောက်ချိန်မှာ သတ်ဖြတ်လိုက်တာဖြစ်ပြီး စစ်သားတွေက ချက်ချင်း သင်္ဂြိုဟ်လိုက်တယ်လို့ RSF က ပြောပါတယ်။

စစ်ကောင်စီကို လိုလားတဲ့ အဖွဲ့တွေက ဒီသတင်းထောက်နှစ်ယောက်ဟာ ‌စစ်ကောင်စီကို တိုက်ခိုက်နေတဲ့တပ်ဖွဲ့ဝင်တွေလို့ လူမှုမီဒီယာတွေမှာ ရေးသားပေမဲ့ သူတို့တွေဟာ သတင်းထောက်အလုပ်ဆက်လုပ်နေတယ်လို့ သူတို့လုပ်ကိုင်ခဲ့ဖူးတဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) နဲ့ The National Voice တို့က အတည်ပြုပြောကြားတယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

RSF က ပြုစုတဲ့ ၂၀၂၄ သတင်းလွတ်လပ်ခွင့်ညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ နိုင်ငံ ၁၈၀ မှာ အဆင့် ၁၇၁ မှာရှိနေပြီး ကမ္ဘာမှာ သတင်းသမားတွေကို ထောင်အချဆုံး တစ်နိုင်ငံဖြစ်ပါတယ်။

တရုတ်နိုင်ငံပြီးရင် ဒုတိယမြောက် သတင်းသမားတွေကို အကျဉ်းအချဆုံး နိုင်ငံဖြစ်ပြီး အခုဆို သတင်းသမား ၆၂ ယောက် အကျဉ်းကျနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org