သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ မြန်မာ ပါဝင်နေ

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ခုနှစ်အတွက် ထုတ်ပြန်တဲ့ သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ဆက်လက်ပါဝင်နေပါတယ်။

ရန်ကုန်မြို့၊ မြေနီကုန်းတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က စစ်အာဏာဆန့်ကျင်ဆန္ဒပြသူများအား စစ်ကောင်စီမှ မျက်ရည်ယိုဗုံးဖြင့် ဖြိုခွင်းချိန် သတင်းသမားများအား တွေ့ရစဉ်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ခုနှစ်အတွက် ထုတ်ပြန်တဲ့ သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ဆက်လက်ပါဝင်နေပါတယ်။

RSF က နိုင်ငံပေါင်း ၁၈၀ ရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေအဆင့်ကို သတ်မှတ်ရာမှာ မြန်မာနိုင်ငံက အဆင့် ၁၇၁ နဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေ အဆိုးဆုံးအဆင့်နိုင်ငံတွေထဲမှာ ပါဝင်နေတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နောက်မှာတော့ တရုတ်၊ ဘာရိန်း၊ ဗီယက်နမ်၊ တာ့ခ်မင်နစ္စတန်၊ အီရန်၊ မြောက်ကိုရီးယား၊ အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ အီရီထရီးယား တို့ရှိနေပါတယ်။

သတင်းလွတ်လပ်ခွင့်အရှိဆုံး နိုင်ငံတွေထဲမှာတော့ နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်၊ နယ်သာလန်၊ ဖင်လန်၊ အက်စ်တိုးနီးယား၊ ပေါ်တူဂီ၊ အိုင်ယာလန်၊ ဆွစ်ဇာလန်နဲ့ ဂျာမဏီနိုင်ငံတွေ ပါဝင်ပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစလို့ မြန်မာနိုင်ငံမှာ သတင်းထောက်တစ်ဦး သတ်ဖြတ်ခံရပြီး သတင်းထောက် ၅၉ ဦးနဲ့ သတင်းမီဒီယာအလုပ်သမား သုံးဦး စုစုပေါင်း ၆၂ ဦး ဖမ်းဆီးခံထားရတယ်လို့လည်း RSF က ဖော်ပြပါတယ်။

၂၀၂၃ ခုနှစ်မှာတော့ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေဟာ အဆင့် ၁၇၃ သတ်မှတ်ခံခဲ့ရပြီး ၂၀၂၁ ခုနှစ်က အဆင့် ၁၄၀ အထိ ရပ်တည်နိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့နေရာမှာ ဒုတိယမြောက် အဆိုးဝါးဆုံး နိုင်ငံဖြစ်တယ်လို့ နယူးယောက်မြို့အခြေစိုက် စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) ကလည်း မတ်လကုန်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org