နိုင်ငံကူးလက်မှတ် ကိစ္စကြောင့် ရှေ့နေနှစ်ဦး ပြည်ပ ခရီးစဉ်ပျက်

နိုင်ငံကူးလက်မှတ် ကြန့်ကြာနေတဲ့အတွက် လူ့အခွင့်အရေးရှေ့နေနှစ်ဦး ရဲ့ ပြည်ပ ခရီးစဉ်တွေ ပျက်ပြားသွားရကြောင်း သိရပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် ကို တွေ့ရစဉ် Photo:Kyaw Zaw Win/RFA

နိုင်ငံကူးလက်မှတ် ကြန့်ကြာနေတဲ့အတွက် လူ့အခွင့် အရေးရှေ့နေနှစ်ဦး ရဲ့ ပြည်ပခရီးစဉ်တွေ ပျက်ပြားသွား ရကြောင်း သိရပါတယ်။

ဗဟိုတရားရုံးရှေ့နေ ဦးရောဘတ်စန်းအောင်ရဲ့ နိုင်ငံကူး လက်မှတ်ကို ပြည်ထဲရေး ဝန်ကြီးဌာန၊ ရဲသတင်းတပ်ဖွဲ့ က ပြန်ထုတ်ပေးလိုက်ပေမဲ့၊ မန္တလေးက မြန်မာ နိုင်ငံ ရှေ့နေများကွန်ရက်အဖွဲ့ဝင် ဦးသိန်းသန်းဦး ကိုတော့ ပြန်ထုတ်မပေးသေးဘူးလို့ ဦးရောဘတ် စန်းအောင်က မနေ့က ပြောကြားပါတယ်။

"RFA သတင်းဌာနကနေ ၁၉ ရက်နေ့ သတင်းပါ လာပြီးတဲ့အခါကျတော့ ၂၀ ရက်နေ့ နေ့လယ်မှာ ကျနော့်ကို ဖုန်းနဲ့ခေါ်တယ်၊ ပတ်စ်ပို့ဌာနက၊ ရဲ သတင်းတပ်ဖွဲ့ကပေါ့၊ အဲဒါ သွားတဲ့အခါကျတော့ ပတ်စ်ပို့ရပြီဆိုတဲ့အကြောင်း ပြောပြီးတော့ ထုတ်ပေးလိုက်ပါ တယ်၊ ကိုသိန်းသန်းဦးကတော့ အခုထိရတယ် လို့တော့ မကြားသေးပါဘူး"

ဦးသိန်းသန်းဦးနဲ့ ဦးရောဘတ်စန်းအောင်တို့ နှစ်ဦးဟာ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ အမှုတွေမှာ လိုက်ပါဆောင် ရွက်ပေးတဲ့ ရှေ့နေတွေ ဖြစ်ကြပါတယ်။

အခု နိုင်ငံကူးလက်မှတ် ပြန်ရပေမဲ့ စီစဉ်ထားတဲ့ ပြည်ပခရီးစဉ်တွေ ပျက်သွားပြီလို့ ဦးရောဘတ်စန်းအောင် က ပြောပါတယ်။

"၂ ယောက်စလုံး ခရီးစဉ်ပျက်သွားတယ်၊ ပတ်စ်ပို့တစ်ခုကို သတ်မှတ်တဲ့ရက်မှာ ထုတ်ပေးရမယ့်ဟာကို ပျက်ကွက်တယ်ဆိုတာတော့ မကောင်းဘူးပေါ့၊ ကျနော့် ခရီးစဉ်တွေပျက်သွားတယ်၊ ၂၀ ရက်နေ့ ထိုင်းသွားရမယ့် ခရီးစဉ်ပျက်တယ်၊ သြင်္ကန်တွင်းကာလ သြစတြေးလျကို သွားရမယ့် ခရီးစဉ်ပျက်တယ်"

ရှေ့နေ ဦးသိန်းသန်းဦးဟာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်လွှာကို ဇန်နဝါရီလကတည်းက တင်ထားခဲ့ပြီး၊ ရက်ချိန်းပေးထားတဲ့ ဖေဖော်ဝါရီ ၆ ရက်မှာ သွားရောက်ထုတ်ယူတဲ့အခါ ပြန်မရတော့ဘူးလို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org