ရေဘေးသင့်ပြည်သူတွေကို အကူအညီထောက်ပံ့မယ်လို့ IFRC ပြော

ရေဘေးဒဏ်အဆိုးဆုံးခံစားခဲ့ရတဲ့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီနဲ့ ရန်ကုန်တိုင်းတွေမှာ အကူအညီတွေ တိုးမြှင့်ပေးသွားမယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်း၊ ပဲခူးမြို့ပေါ်မှာ ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်‌နေ့က တွေ့ရစဉ်။

မြန်မာနိုင်ငံက ရေဘေးသင့်ပြည်သူတွေကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီ လခြမ်းနီအသင်းများအဖွဲ့ချုပ် (IFRC) ရဲ့ အရေးပေါ်ရန်ပုံငွေထဲက အကူအညီတွေပေးသွားမယ်လို့ IFRC က ဩဂုတ် ၁၂ ရက်နေ့က ထုတ်ပြန်ပါတယ်။

လာမယ့် ကိုးလအတွင်း ရေဘေးသင့်ပြည်သူ ၁၅၀၀၀ ကို ကူညီဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

IFRC က မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) နဲ့ ပူးပေါင်းပြီး စတင်ရေကြီးရေလျှံခဲ့တဲ့ ဇူလိုင်ကစတင်ကာ အကူအညီတွေ ခွဲဝေပေးနေတယ်လို့ ဆိုပါတယ်။

ရေဘေးဒဏ်အဆိုးဆုံးခံစားခဲ့ရတဲ့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီ နဲ့ ရန်ကုန်တိုင်းတွေမှာ လူသားချင်းစာနာမှုအကူအညီတွေ တိုးမြှင့်ပေးသွားမယ်လို့ ဆိုပါတယ်။  

မုတ်သုန်မိုးသည်းထန်ပြီး မြစ်ရေလျှံတက်မှုတွေကြောင့် ဇူလိုင်လဆန်းစကပြီး မြန်မာနိုင်ငံတဝန်း ရေကြီးရေလျှံမှုတွေ မကြုံစဖူးဖြစ်ခဲ့ပြီး  နိုင်ငံတဝန်း လူပေါင်း တစ်သိန်းကျော် ရေဘေးဒဏ်ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

ရေဘေးပြင်းပြင်းထန်ထန်ခံခဲ့ရတဲ့နေရာတွေမှာ အမိုးအကာ၊ သန့်ရှင်းရေးသုံး ပစ္စည်းတွေ၊ အနွေးအထည်၊ အစားအသောက်၊ သောက်သုံးရေနဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org