ညောင်ဦးမှာ NLD ပါတီဝင်တစ်ဦး အပါအဝင် ဒေသခံငါးဦး အသတ်ခံရ
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ထဲမှာရှိတဲ့ စဉ့်ကူမြို့နဲ့ ငါ့သရောက်မြို့နယ်ခွဲ ဆည်ရွာက NLD ပါတီဝင်အပါအဝင် အမျိုးသားလေးဦးနဲ့ အမျိုးသမီးတစ်ဦးတို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်ညပိုင်းနဲ့ ၃ ရက်နေ့မှာ အသတ်ခံရတယ်လို့ ညောင်ဦးမြို့ခံတွေက RFA ကို အောက်တိုဘာ ၄ ရက် ဒီနေ့မှာ ပြောပါတယ်။
- 2022-10-04
-
-
-
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ထဲမှာရှိတဲ့ စဉ့်ကူမြို့နဲ့ ငါ့သရောက်မြို့နယ်ခွဲ ဆည်ရွာက NLD ပါတီဝင်အပါအဝင် အမျိုးသားလေးဦးနဲ့ အမျိုးသမီးတစ်ဦးတို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်ညပိုင်းနဲ့ ၃ ရက်နေ့မှာ အသတ်ခံရတယ်လို့ ညောင်ဦးမြို့ခံတွေက RFA ကို အောက်တိုဘာ ၄ ရက် ဒီနေ့မှာ ပြောပါတယ်။
မနေ့ည (၇) နာရီလောက်မှာ ညောင်ဦးမြို့ ငါ့သရောက်မြို့နယ်ခွဲ၊ ဆည်ရွာမှာနေထိုင်တဲ့ ညောင်ဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အမှတ် ( ၂ ) တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိန်ရဲ့ညီ အသက် ၄၈ နှစ်အရွယ် ကိုမြင့်ဇော်လင်းကို အရပ်ဝတ်နဲ့လူ ၂၀ လောက်က ဖမ်းခေါ်သွားပြီး ဒီနေ့မနက်ပိုင်း ညောင်ဦးမြို့ရှောင်လမ်း ရထားသံလမ်းအနီးမှာ အလောင်းတွေ့ခဲ့တယ်လို့ ညောင်ဦးဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဆည်ရွာမှာပဲနေထိုင်တဲ့ NLD ပါတီဝင် အသက် ၆၈ နှစ်အရွယ် ဦးကျော်ဝင်းလည်း အောက်တိုဘာလ ၂ ရက်နေ့ မနက်အစောပိုင်းမှာ သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဦးကျော်ဝင်းဟာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် တိမ်းရှောင်ရာကနေ နေအိမ်ကို ပြန်ရောက် လာချိန်မှာပဲ အခုလို အသတ်ခံရတာလို့ ဒေသခံက RFA ကို ပြောပါတယ်။
အလားတူ အောက်တိုဘာ ၂ ရက်နေ့ ည ၁၂ နာရီလောက်က စဉ့်ကူမြို့မှာနေထိုင်တဲ့ ဒေသခံ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို အရပ်ဝတ်လူခုနစ်ဦးခန့်က ကားသုံးစီးနဲ့ လာရောက်ခေါ်ဆောင်သွားပြီး နောက်တစ်နေ့မနက်မှာ အလောင်းတွေပြန်တွေ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလောင်းသုံးလောင်းကို စဉ့်ကူရွာမမြောက်ပိုင်း တိုက်နယ်ဆေးရုံနဲ့ ဘိုခင်တည်းခိုခန်း အနီးမှာ တွေ့ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သေဆုံးသူ သုံးယောက်စလုံးကို တစ်ချိန်တည်း လာခေါ်သွားတာ။ အရပ်ဝတ်တွေနဲ့။ သူတို့က နိုင်ငံရေးလည်း ဘာမှမလုပ်ထားဘူး။ ပါတီနဲ့ ကင်းကွာနေတာကြာပြီ။ ပထမတော့ ခေါ်ပြီးမေးမြန်းတယ်ပဲထင်တာ။ မနက်ရောက်တော့မှ ရုပ်အလောင်းသုံး လောင်းစလုံး တွေ့ရတာ။ ကိုဝင်းအောင်မိုးတစ်ဦးကတော့ လက်ပြန်ကြိုးတုပ်ထားတာ တွေ့ရတယ်”
သေဆုံးသူတွေဟာ စဉ့်ကူမြို့ တောင်လပ်ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၅၂ အရွယ် ဦးဝင်အောင်မိုး၊ အသက် ၄၀ အရွယ် ကိုငြိမ်းချမ်းမင်းနဲ့ အသက် ၃၀ နှစ်အရွယ် မသော်မီတို့ဖြစ်ပြီး အောက်တိုဘာလ ၄ ရက် ဒီနေ့မနက်ပိုင်း စဉ့်ကူသုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီသတ်ဖြတ်မှုတွေကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့သလဲ ဆိုတာတော့ ဒေသခံတွေအနေတဲ့ အတိအကျမသိရသေးသလို RFA အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ( AAPP ) ရဲ့ အောက်တိုဘာ ၃ ရက် ထုတ်ပြန်တဲ့ စာရင်းအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ အခုနှစ် အောက်တိုဘာ ၃ ရက်နေ့အထိ သေဆုံးခဲ့တဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူနဲ့ ပြည်သူ ၂,၃၃၂ ဦးရှိလာပြီဖြစ်ပါတယ်။