ရဲကျင့်ဝတ်ချိုးဖောက်သူကို တရားစွဲခွင့် သမ္မတထံ လျှောက်ထား

ဗစ်တိုးရီးယားအမှုမှာ ရဲကျင့်ဝတ် ချိုးဖောက်ပြီး နစ်နာသူရဲ့အမည်ကို ထုတ်ပြောခဲ့တဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကို တရားစွဲဆို အရေးယူဆောင်ရွက်ခွင့်ပြုဖို့ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်းက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံကို ဒီကနေ့မှာ ကြိုတင်ခွင့်ပြုမိန့် တောင်းခံလိုက်ပါတယ်။

၂၀၁၉ ဒီဇင်ဘာ ၁၉ ရက်နေ့က နေပြည်တော်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းစာရှင်းလင်းစဉ် Photo: Thet Su Aung/RFA

ဗစ်တိုးရီးယားအမှုမှန်ပေါ်ပေါက်ရေး ကော်မတီရဲ့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ စာရေးဆရာ ဦးထင်လင်းဦးရဲ့ ညွှန်ကြားချက်အရ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကို ဥပဒေနဲ့အညီ တရားစွဲဖို့ မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်းက စတင်ဆောင်ရွက်တာဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

စွပ်စွဲခံရသူတွေဟာ ပြည်သူ့ဝန်ထမ်းဖြစ်တဲ့အတွက် သမ္မတအမိန့် လိုအပ်တာကြောင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၉၇ (၁)  အရ အခုလို ကြိုတင်ခွင့်ပြုမိန့် တောင်းခံ လျှောက်ထားတာဖြစ်တယ်လို့ ဦးသိန်းသန်းဦးက ဆိုပါတယ်။

“ပြည်သူ့ဝန်ထမ်းနဲ့ပတ်သက်ပြီး သူတို့ရဲ့ တာဝန်ဝတ္တရား ဆောင်ရွက်စဉ် ဖြစ်သွားတယ်လို့ ပြောလို့ရတယ်။ သူတို့တာဝန် ဝတ္တရားဆောင်ရွက်စဉ် တရားစွဲတာဖြစ်တဲ့အတွက် သမ္မတရဲ့ ခွင့်ပြုမိန့် မလွှဲမသေ လိုအပ်တယ်။ အဲဒါမပါဘဲနဲ့ တရားစွဲလို့ မရဘူး။ နှစ်လအတွင်း အဖြေပြန်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

မြန်မာနိုင်ငံမှုခင်းရဲတပ်ဖွဲ့က မှုခင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိုးနိုင်ဦး၊ မှုခင်း ညွှန်ကြားရေးမှူး ရဲမှူးကြီး မင်းဟန်၊ မှုခင်းရဲတပ်ဖွဲ့ ဌာနမှူး ရဲမှူးကြီး သာဒွန်းနဲ့ ရဲဇာနည်  facebook စာမျက်နှာ တာဝန်ခံ စီစဉ်သူတွေကို ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအရလည်းကောင်း၊ အခြားသင့်တော်ရာ ရာဇဝတ်ဥပဒေ တစ်ရပ် ရပ်အရလည်းကောင်း တရားစွဲဆို အရေးယူဆောင်ရွက် ခွင့်ပြုဖို့  ၂၀၁၆ နှစ်ဆန်းပိုင်းမှာ စတင်ဖွဲ့စည်းခဲ့တဲ့ ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများ အသင်းက လျှောက်ထားတာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့က နေပြည်တော်မှာ  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြုလုပ်ခဲ့တဲ့  သတင်းစာရှင်းလင်းပွဲ မှာ လိင်အကြမ်းဖက်ခံရတဲ့ ကလေးငယ်ရဲ့ နာမည်၊ မိဘနာမည်တွေကို ရဲအရာရှိတွေက ထုတ်ဖော်ပြောဆိုခဲ့တဲ့ အပြင် လိပ်စာတွေနဲ့ အလုပ်အကိုင်တွေ၊ တိုင်ကြားစာတွေကိုပါ ရဲဇာနည်ဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် တင်ခဲ့တာပါ။

သမ္မတကြီးကလည်း ရှေ့နေပဲလေ။ ဥပဒေသမားပဲ။ ဒါကိုခွင့်ပြုမယ်လို့တော့ ထင်ပါတယ်

ဗစ်တိုးရီးယားအမှုမှာ ကလေးငယ်ရဲ့နာမည်ကို ထုတ်ဖော် တာဟာ ကလေးသူငယ်ဥပဒေနဲ့ ငြိစွန်းနေသလို ကလေးငယ်ကို ထိခိုက်စေတာကြောင့် ဗစ်တိုးရီးယားဖခင် အပါအဝင် တရား ဥပဒေစိုးမိုးရေးနဲ့ အမှန်တရားပေါ် ပေါက်ရေး ပံ့ပိုးကူညီသူများ အဖွဲ့က ပူးပေါင်းပြီး ဥပဒေကြောင်းအရ တရားစွဲဖို့ ပြင်ဆင်နေ တာလို့ စာရေးဆရာ ဦးထင်လင်းဦးက RFA ကို ပြောထားပါတယ်။

ဒီလိုကျူးလွန်ခံရတဲ့ ကလေးငယ်ရဲ့ နာမည်ကို ထုတ်ဖော်ပြောဆိုခဲ့တာဟာ ဥပဒေ ချိုးဖောက်တာဖြစ်တဲ့အတွက် နိုင်ငံတော် သမ္မတအနေနဲ့ တရားစွဲဆိုဖို့ ခွင့်ပြုမိန့် ပေးလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

“ကျွန်တော်တို့ သမ္မတကြီးကလည်း ရှေ့နေပဲလေ။ ဥပဒေသမားပဲ။ ဒါကိုခွင့်ပြုမယ်လို့တော့ ထင်ပါတယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်မယ်လို့ ထင်ပါတယ်”

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲကျင့်ဝတ်ချိုးဖောက်ပြီး နစ်နာသူရဲ့ အမည်ကို ထုတ်ပြောခဲ့တာကြောင့် တာဝန်ရှိသူတွေ ကို အရေးယူပေးဖို့ ပြီးခဲ့တဲ့  ဒီဇင်ဘာလက ရန်ကုန်၊  မန္တလေး စတဲ့ မြို့ကြီးတွေမှာ လူအင်အားရာချီ စုဝေးဆန္ဒ ဖော်ထုတ်ခဲ့ကြပါသေးတယ်။

ကလေးငယ်ရဲ့ အမည်နဲ့ မိဘအမည်တွေကို ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ရည်ရွယ်ချက်ရှိရှိ ထုတ်ပြောခဲ့တာဖြစ် တာကြောင့် တာဝန်ရှိသူတွေကို အရေးယူသင့်တယ်လို့ လူ့အခွင့်အရေးမြှင့်တင်သူများအဖွဲ့က ကိုအောင်ဇော်ဦး က ပြောပါတယ်။

“အဲဒီပြဿနာမှာ ဖော်ပြခဲ့တယ်ဆိုတာ ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တယ်လို့ ကျွန်တော်တို့က ယူဆထားတာ ရှိတယ်။ ဒါတွေကို တာဝန်ရှိသူတွေက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာတွေက မဖော်ပြသင့်ဘဲနဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဖော်ပြခဲ့တာကို တောင်းပန်သင့်တယ်။ ဒါမှမဟုတ် အပြစ်ရှိသူတွေကိုလည်း အပြစ်ရှိသလောက် သူတို့ဘက်က အရေးယူသင့်တယ်။ အစိုးရဘက် ဒါကိုမလုပ်တဲ့အတွက် တာဝန်ရှိသူတွေက လုပ်ရတဲ့အပိုင်း ဖြစ်သွားတယ်”

ဗစ်တိုးရီးယားကိစ္စပြောခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တရားစွဲဆိုဖို့ သမ္မတထံ ခွင့်ပြုမိန့်တောင်းခံတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကျော်သီဟကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခဲ့ခြင်း မရှိပါဘူး။

၂၀၁၉ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မ ၉၆ မှာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရာ မှာဖြစ်စေ၊ ကလေးသူငယ် တရားရုံးရှေ့ဖြစ်စေ၊ တရားရုံး တစ်ခုခုမှာဖြစ်စေ ပြစ်မှုကျူးလွန်တာခံရတဲ့ ကလေး သူငယ်တွေ၊ သက်သေအဖြစ် ထွက်ဆိုတဲ့ ကလေးသူငယ်တွေကို နာမည်နဲ့ မှုခင်းသတင်းအချက်အလက်တွေ ရယူတာ၊ ဓာတ်ပုံရိုက်တာ ၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်နဲ့ စာအုပ်စာတမ်းတွေ ထည့်သွင်းတာ၊ ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ လူမှုကွန်ရက် ဆက်သွယ်ရေးနည်းလမ်းတွေမှာ  ထုတ်လွှင့်ခြင်းမပြုရလို့ ပြဋ္ဌာန်းထားပါတယ်။

အဲဒီပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားရင် ကျူးလွန်သူဟာ အနည်းဆုံး ထောင်ဒဏ် လေးလကနေ အများဆုံး တစ်နှစ်ထိဖြစ်စေ၊ ငွေဒဏ်အနေနဲ့ အနည်းဆုံးကျပ် လေးသိန်းကနေ အများဆုံး ကျပ်ခြောက်သိန်းအထိဖြစ်စေ၊ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org