ပျဉ်းမနားမြို့နယ် ဒေသခံရွာသား ၂ ရာကျော် တရားစွဲခံနေရ

မန္တလေးတိုင်း ပျဉ်းမနားမြို့နယ်မှာရှိတဲ့ ကျေးရွာ ၁ဝ ရွာကျော်က လူနေအိမ် ၁ ထောင်ကျော်ကို မြေစာရင်းဦးစီးဌာနက ဖျက်ခိုင်းထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး လူ ၂ ရာကျော် တရားစွဲဆို ခံနေရတယ်လို့ သိရပါတယ်။

လယ်သမားတဦး ကွဲျတရှဉ်းဖြင့် လယ်ထွန်နေပုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

ကန်ဦး၊ သပြေလှ၊ ယောက်စအင်း၊ ကင်ပွန်းတန်း၊ ပုရွက်ဆိပ်ကုန်း၊ သဲကျွန်း၊ သက်ကယ်ကျင်း၊ အရင်လို၊ မယ်ဇလီကုန်း၊ ဥယဉ်စု၊ တောင်သာ၊ မြောက်လွတ်ကုန်း၊ အိုးဘို စတဲ့ ကျေးရွာတွေက ဒေသခံရွာသားတွေကို လယ်မြေဥယျာဉ်ပေါ် ကျူးကျော်ဆောက်လုပ် နေထိုင်မှုနဲ့ တရားစွဲဆိုပြီး နေအိမ်တွေကို ဖျက်ခိုင်းနေတာ ဖြစ်ပါတယ်။

အိမ်တွေမဖျက်ရင် ထောင်ချမယ်လို့ ပြောဆိုထားသလို အသနားခံစာ တင်တာကိုလည်း နောက်နောင် မတင်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ခြိမ်းခြောက်ပြောဆိုကြောင်း တရားစွဲခံ နေရသူတွေထဲမှာ ပါဝင်သူတဦး ဖြစ်တဲ့ ဦးကျော်သက်လွင်က RFA ကို ပြောပါတယ်။

“မဖျက်ဘူးဆိုရင် ထောင် ၂ နှစ်ချမယ်ပေါ့။ တကယ်လို့ ထောင်ကျခံရင်လည်း အိမ်ကတော့ ဖျက်ရမှာပဲ၊ မဖျက်သေးရင် မှီခိုသူကို ထပ်ပြီး တရားစွဲမယ်လို့ ပြောတယ်။ ကျနော်တို့က သမ္မတကြီးဆီကို အသနားခံစာ တင်ခဲ့တာ သုံးကြိမ်ရှိပါပြီ။ နောက် လယ်-ဆည် ဝန်ကြီးဆီကိုလည်း တင်ပါတယ်။ နေပြည်တော် ကောင်စီကို တင်ပါတယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွေရော အများကြီး တင်ပါတယ်။ အဲဒီလိုတင်လို့ တောင်မှ ကျနော်တို့ကို အစည်းအဝေး ဆင့်ခေါ်ပြီးတော့ နောက်တခါ အသနားခံစာ တင်ရင် အရေးယူမယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်ပါတယ်”

အိမ်ဖျက်ရပြီဆိုရင် အိမ်ထောင်စုပေါင်း ၁ ထောင်ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ရတော့မယ်လို့ ဆိုပါတယ်။ အခုဆိုရင် တရားစွဲ ခံနေရသူ ၂ ရာကျော် ရှိနေပြီလို့ သိရပါတယ်။ သူတို့ကို ပုဒ်မ ၄၈ (က) နဲ့ တရားစွဲထားတဲ့အတွက် တပတ်အခါ ပျဉ်းမနားမြို့နယ် တရားရုံးကို သွားနေရတာ အခုဆိုရင် ရုံးချိန်း ၄ ခါ ရှိနေပြီလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ တရားစွဲခံထားရတဲ့ အမျိုးသမီးတဦးကလည်း …

“တရားရုံးမှာ မြေစာရင်းရုံးက တရားစွဲပြီးတော့ ဖျက်ခိုင်းတယ်။ တရားသူကြီးကတော့ ဖျက်ပေးပါပေါ့၊ ခင်ဗျားတို့ မဖျက်ပေးရင် ထောင်ကျမယ် ပေါ့။ အဲဒီတော့ ဖျက်ပေးလိုက်တာ နားအေးတယ် ဖျက်ပေးလိုက်ပါပေါ့။ ကျမတို့က နေစရာမရှိဘူးလေ။  လန (၃၉) မတင်လို့ ဆိုပြီး တရားစွဲတာ”

လန( ၃၉) ဆိုတာ ၁၉၅၃ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေ ဖြစ်ပါတယ်။ အဲဒီ ကျေးရွာတွေက ဒေသခံတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ ကတည်းက အိမ်ဆောက် နေထိုင်ခဲ့တာ ဖြစ်သလို၊ တချို့ ဒေသခံတွေဆိုရင် စည်ပင်သာယာကို နှစ်စဉ် အခွန်ဆောင်ထားကြတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org