စာရေးဆရာ၊ ကဗျာဆရာ မောင်သာနိုး အသက် (၉၁) နှစ်မှာ ကွယ်လွန်

စာရေးဆရာ၊ ကဗျာဆရာနဲ့ ဘာသာဗေဒပညာရှင် ဆရာကြီး မောင်သာနိုးဟာ ရန်ကုန်မြို့ SSC ဆေးရုံမှာ ဇူလိုင်လ ၁၂ ရက်၊ ဝါဆိုလပြည့်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်မှာ ကွယ်လွန်သွားပါတယ်။

စာရေးဆရာ၊ ကဗျာဆရာနဲ့ ဘာသာဗေဒပညာရှင် ဆရာကြီး မောင်သာနိုး။ Photo: Citizen Journalsit

စာရေးဆရာ၊ ကဗျာဆရာနဲ့ ဘာသာဗေဒပညာရှင် ဆရာကြီး မောင်သာနိုးဟာ ရန်ကုန်မြို့ SSC ဆေးရုံမှာ ဇူလိုင်လ ၁၂ ရက်၊ ဝါဆိုလပြည့်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်မှာ ကွယ်လွန်သွားပါတယ်။ မောင်သိင်္ဂါဆိုတဲ့ ကလောင်အမည်နဲ့ ကဗျာတွေ ရေးသားခဲ့သလို မောင်သာနိုး ကလောင်နာမည်နဲ့ မြန်မာစာအရေးအသား၊ ကဗျာဆိုင်ရာ၊ အင်္ဂလိပ်စာနဲ့ ဘာသာဗေဒဆိုင်ရာဆောင်းပါးတွေ ရေးသားခဲ့ပါတယ်။

မောင်သာနိုးကို အဖ ဦးခင်မောင်ကလေး၊ အမိ ဒေါ်စံမြင့်တို့က ၁၉၃၂ ခုနှစ် မေလ ၆ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ မွေးဖွားခဲ့တဲ့အတွက် ကွယ်လွန်ချိန်မှာ အသက် ၉၁ နှစ်အရွယ်ထဲ ရောက်ပြီဖြစ်ပါတယ်။

ဆရာကြီး မောင်သာနိုးဟာ စစ်ကိုင်း အစိုးရအထက်တန်းကျောင်းနဲ့ မန္တလေးတက္ကသိုလ်တို့မှာ အင်္ဂလိပ်စာ၊ မြန်မာစာ၊ ပါဠိ၊ ခေတ်သစ်သမိုင်းပညာတို့ တက်ရောက်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်ကနေ မြန်မာစာနဲ့ မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့ပါတယ်။ အထက်တန်းကျောင်းသားဘဝကတည်းကစပြီး စာရေးသားခဲ့ပြီး မန္တလေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းမှာ အင်္ဂလိပ်စာအယ်ဒီတာအဖြစ်လည်း တာဝန်ယူခဲ့ပါတယ်။

မန္တလေးမြို့က လူထုသတင်းစာ၊ မန်းခေတ်သတင်းစာတွေမှာ အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ပြီး အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်းအမှုဆောင်အဖြစ်လည်း ထမ်းဆောင်ခဲ့ပါတယ်။

၁၉၆၈၊ ၁၉၉၈၊ ၂၀၀၆ ခုနှစ်တွေမှာ ထုတ်ဝေခဲ့တဲ့ ထင်းရှုးပင်ရိပ် ကဗျာဘာသာပြန်စာအုပ်ဟာ ကဗျာလောကမှာ သြဇာကြီးမားခဲ့သလို၊ ၁၉၉၂၊ ၁၉၉၇၊ ၂၀၀၀ ပြည့်နှစ်တွေမှာ ထုတ်ဝေခဲ့တဲ့ ဗုဒ္ဓအကြောင်းရေးထားတဲ့ အာရှတိုက်ရဲ့အလင်းရောင် ဘာသာပြန်ကဗျာစာအုပ်ဟာ ထင်ရှားခဲ့ပါတယ်။

၂ဝဝ၄ ခုနှစ်က အမေရိကန်ပြည်ထောင်စု အိုင်အိုဝါတက္ကသိုလ်မှာ ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ စာပေအစီအစဉ်ကို တက်ရောက်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် အမျိုးသားစာပေ တစ်သက်တာဆု ချီးမြှင့်ခံခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org