စည်းကမ်းမဲ့ ရေဆိုးစွန့်တဲ့ အရက်ချက်စက်ရုံကို လိုင်စင်ယာယီပိတ်မည်
မန္တလေးစက်မှုဇုန်က စည်းကမ်းမဲ့ ရေဆိုး စွန့်ထုတ်တဲ့ ကျားမင်းကြီး အရက်ချက်စက် ရုံကို စက်ရုံလည်ပတ်ခွင့် ရပ်ဆိုင်းခိုင်းထားပြီး လိုင်စင်ကို ယာယီပိတ်သိမ်းဖို့ စီစဉ်နေတယ်လို့ မန္တလေးမြို့ ဒုတိယ မြို့တော်ဝန်က ပြောပါတယ်။
-
2017-04-30 -
-
-
မန္တလေးစက်မှုဇုန်က စည်းကမ်းမဲ့ ရေဆိုးစွန့်ထုတ်တဲ့ ကျားမင်းကြီး အရက်ချက်စက်ရုံကို စက်ရုံလည်ပတ်ခွင့် ရပ်ဆိုင်းခိုင်းထားပြီး လိုင်စင်ကိုယာယီပိတ်သိမ်းဖို့ စီစဉ်နေတယ်လို့ မန္တလေးမြို့ ဒုတိယမြို့တော်ဝန်က ပြော ပါတယ်။
ပန်းရံတော်ချောင်းထဲကို ရေဆိုးစွန့်ထုတ်တဲ့အတွက် အရင်က ၂ ကြိမ်တိုင်အောင် သတိပေးခဲ့ပြီး မလိုက်နာတဲ့အတွက် အခုလို လိုင်စင်ပိတ်သိမ်းဖို့ စီစဉ်တာဖြစ်တယ်လို့ ဒုတိယမြို့တော်ဝန် ဦးရဲမွန်ကပြောပါတယ်။
"သန့်စင်ပြီးတော့ ရေဆိုးပိုက်လိုင်းထဲကို ထည့်ဖို့ ပန်းရံတော်ချောင်းထဲကို မစွန့်ပစ်ဖို့ သတိပေးထားတာ ပထမအကြိမ်မလိုက်နာဘူး၊ နောက်တစ်ခါ ထပ်ပြီးတော့ စည်ပင်ကပဲ စာထပ်ထုတ်တယ်၊နောက်တစ်ခါ သွားစစ်တော့တွေ့တယ်၊ စာထုတ်ထားတာကို ဆက်ပြီးတော့ လည်နေတာပေါ့၊ အဲ့ဒါကို တတိယအကြိမ် မှာထပ်တွေ့လို့ လိုင်စင်ကို ဒီဟာကို ယာယီပိတ်သိမ်း ဖို့ဆိုပြီးတော့ Cabinet (အစိုးရ) ကိုတင်တော့မယ်၊ Cabinet အတည်ပြုချက် ထပ်ယူပြီးတော့ လိုင်စင်ကို ယာယီ တို့ဆီကနေ သိမ်းလိုက်မှာ"
အဲဒီစက်ရုံကို ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ကတည်းက ရပ်ဆိုင်းခိုင်းထားပြီး ရေဆိုးစွန့်ပစ်တဲ့စနစ်ကို စည်းကမ်းနဲ့ အညီ ဆောင်ရွက်မှသာ လုပ်ငန်းပြန်လည် လည်ပတ်လုပ်ကိုင်ခွင့် ပြုသွားမယ် လို့ပြောပါတယ်။
မန္တလေးစက်မှုဇုန်မှာ ရေဆိုးစွန့်ထုတ်တဲ့ စက်ရုံ အကြီး အသေး စုစုပေါင်း ၇၀ ဝန်းကျင်ရှိပြီး အရက်ချက်စက်ရုံတွေ က အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ စက်ရုံတွေကထွက်လာတဲ့ ရေဆိုးတွေကို ရေဆိုးသန့်စင်တဲ့စနစ်နဲ့ စနစ်တကျစွန့်ပစ်ဖို့အတွက် ပြီးခဲ့တဲ့ မတ်လတုန်းက လုပ်ငန်းရှင်တွေကို ခေါ်ယူသတိပေး ခဲ့ပြီး လက်ရှိအချိန်မှာ ရှောင်တခင် ဝင်ရောက်စစ်ဆေး တာတွေ ဆောင်ရွက်နေတယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကေ်ာမတီကနေ သိရပါတယ်။