အင်တာနက်လူမှုကွန်ရက်မှာ ဒေါ်အောင်ဆန်းစုကြည်အမည်ဖြင့် စာမျက်နှာများထွက်ပေါ်

နိုဝင်ဘာ ၁၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး နောက်တရက်မှာပဲ AungSan SuuKyi (People's Voices) ဆိုတဲ့ အမည်တပ်ထားတဲ့ စာမျက်နှာတွေဟာ အင်တာနက် face book ပေါ်မှာ အမြန်ပြန့်နှံ့လာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ မိသားစု ခွင့်ပြုချက်ဖြင့် Burma Campaign UK အဖွဲ့က ကိုယ်စားဖွင့်ပေးထားသော facebook စာမျက်နှာ တစိတ်တဒေသ ဖြစ်ပါသည်။ (facebook screenshot) (facebook screenshot)

နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က သူရဲ့ပထမဆုံးဦးဆုံး ပြောကြားတဲ့ မိန့်ခွန်းမှာ ပြည်သူတွေရဲ့ဆန္ဒ၊ အသံတွေကို နားထောင်သွားမယ်လို့ ဆိုတာကြောင့် ဒါကို ဖြည့်ဆည်းတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် face book ကို ဖွင့်ရတာလို့ အဖွင့်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ပြည်တွင်းပြည်ပက မြန်မာပြည်သူတွေအထူးသဖြင့် လူငယ်တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီ ပါးချင်တဲ့ စကားတွေကို လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ပြီး ဒါတွေကို ဒေါ်အောင်ဆန်းစုကြည်ဆီကို တစုတစည်းတည်း တင်ပြမှာ ဖြစ်တယ်လို့လည်း ရေးထားပါတယ်။

RFA က facebook account ပိုင်ရှင်ကို အင်တာနက်ကနေ ဆက်သွယ်မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားသူ အုပ်စုတစု ဖြစ်ပြီး နိုင်ငံတကာမှာ ရောက်နေတဲ့ မြန်မာပြည်သူတွေရဲ့ အသံကို ဒေါ်အောင်ဆန်းစုကြည်ဆီကို တစုတဝေးတည်း တင်နိုင်ပြဖို့ ရည်ရွယ်ချက်နဲ့ ဖွင့်ရတာ ဖြစ်တယ်လို့ တုံ့ပြန်ဖြေကြားလာပါတယ်။

ဗြိတိန်အခြေစိုက် Burma Campaign UK ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဝင်တွေရဲ့ ခွင့်ပြုချက်နဲ့ ၂၀၀၇ ခုနှစ်အကုန်မှာ ဒေါ်အောင်ဆန်းစုကြည်အမည်နဲ့ facebook တရားဝင်ဖွင့်ခဲ့ပါတယ်။ အခုဆိုရင် အဲဒီ အင်တာနက်စာမျက်နှာမှာ နိုင်ငံတကာကနေ ဝင်ရောက်ကြည့်ရှုသူ စုစုပေါင်း သုံးသိန်းကျော် ရှိသွားပြီလို့ အဖွဲ့ရဲ့ ညွန်ကြားရေးမှူး Mark Farmaner ကပြောပါတယ်။

Facebook ဆိုတာ လူပုဂ္ဂိုလ် တဦးချင်းစီက ကိုယ့်ရဲ့ လူမှုရေးကွန်ရက်ကို ကိုယ်တိုင်ဖန်တီးပြုလုပ်ပြီး အပြန်အလှန် ဆက်သွယ်ကြတာပါ။ အထူးသဖြင့် နိုင်ငံတကာ ရောက်နေတဲ့ မြန်မာလူငယ်တွေဟာ face book ကို အဓိက သုံးစွဲလာတာကြောင့် နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံတဲ့အသံတွေ တစုတစည်းတည်းရဖို့ သူ့အမည်နဲ့ ဖွင့်ဖို့ အကြံဉာဏ်ရခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမိသားစုရဲ့ ခွင့်ပြုချက်နဲ့ Burma Campaign UK အဖွဲ့က သူ့အမည်နဲ့ facebook ဖွင့်ပေးထားတာကို သိရှိနေတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က RFA ကိုပြောပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး RFA မှ မအင်ကြင်းနိုင်က Burma Campaign UK မှ မဇိုယာဖန်းကို မေးမြန်းပြီး သတင်းစုဆောင်း တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာနက် လူမှုကွန်ရက်
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org