စစ်ကောင်စီအဖွဲ့ဝင်လေးဦးနဲ့ ကုမ္ပဏီနှစ်ခုကို အီးယူက ပိတ်ဆို့တဲ့အပေါ် CRPH ကြိုဆို

စစ်ကောင်စီအဖွဲ့ဝင် လေးဦးနဲ့ စစ်ကောင်စီကို လက်နက်ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီနှစ်ခုကို ဥရောပသမဂ္ဂ (EU) ကပိတ်ဆို့ အရေးယူလိုက်တဲ့အပေါ် ကြိုဆိုကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဒီဇင်ဘာလ ၁၃ ရက်က ထုတ်ပြန်လိုက်ပါတယ်။

ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူသည့်စာရင်းတွင် ပါရှိခဲ့သည့် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၊ စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနဲ့ ဒေါက်တာ မှုထန် (ဝဲမှ ယာ)။ Myanmar Military & USDP

စစ်ကောင်စီအဖွဲ့ဝင် လေးဦးနဲ့ စစ်ကောင်စီကို လက်နက်ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီနှစ်ခုကို ဥရောပသမဂ္ဂ (EU) ကပိတ်ဆို့ အရေးယူလိုက်တဲ့အပေါ် ကြိုဆိုကြောင်းနဲ့ စစ်ကောင်စီကို လေယာဉ်ဆီတင်ပို့ရောင်းချမှုတွေ ပိတ်ပိတ်ပင်ရေးမှာ နိုင်ငံတကာပါဝင်လာအောင် EU အနေနဲ့ ဆောင်ရွက်ပေးဖို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဒီဇင်ဘာလ ၁၃ ရက်က ထုတ်ပြန်လိုက်ပါတယ်။

ပိတ်ဆို့လိုက်တဲ့အထဲမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၊ စစ်ကောင်စီအဖွဲ့ဝင်တွေ ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဒေါက်တာ မှုထန်နဲ့ ကယားပြည်နယ် (ကရင်နီပြည်နယ်)မှာ အရပ်သားတွေကို လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုး တို့ဖြစ်ပါတယ်။

ဒါအပြင့် စစ်ကောင်စီကို လက်နက်နဲ့ဆက်စပ်ပစ္စည်းတွေ ပံ့ပိုးပေးနေတဲ့ Star Sapphire ကုမ္ပဏီအုပ်စု နဲ့ Royal Shune Lei ကုမ္ပဏီတို့ကို ပိတ်ဆို့အရေးယူလိုက်တာပါ။

စစ်ကောင်စီဟာ အရပ်သားတွေကိုပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်တာကြောင့် လေယာဉ်ဆီတင်ပို့ရောင်းချမှုတွေ တားမြစ်ပိတ်ပိတ်ပင်ရေးမှာ နိုင်ငံတကာပါဝင်လာအောင် EU အနေနဲ့ အထူးအလေးပေး ကြိုးပမ်းဆောင်ရွက်ပေးဖို့လည်း CRPH က တိုက်တွန်းတောင်းဆိုထားပါတယ်။

စစ်ကောင်စီဟာ မြေပြင်တိုက်ပွဲတွေမှာ ရှုံးနိမ့်နေပြီး နယ်မြေတွေ လက်လွတ်ဆုံးရှုံးနေတာကြောင့် စစ်ဘက်၊ အရပ်ဘက် မခွဲခြားဘဲ လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေတဲ့အတွက် ကမ္ဘာ့နိုင်ငံတွေက အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးမြှင့်ချမှတ်ပေးဖို့ လိုအပ်နေတယ်လို့လည်း တောင်းဆိုထားပါတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ မြန်မာပြည်သူတွေ အရေးတကြီးလိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ထိရောက်တဲ့ နည်းလမ်းသစ်တွေနဲ့ ကူညီရန်လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရေးမှာ အရပ်သားအုပ်ချုပ်ရေးစနစ် အားကောင်းလာစေရန်အတွက် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီအင်အားစုတွေကို ငွေကြေးနဲ့ နည်းပညာအကူအညီတွေ တိုးမြှင့်ပေးအပ်ဖို့ EU အဖွဲ့ဝင် နိုင်ငံတွေနဲ့ နိုင်ငံတကာကို တောင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org