အီးယူမူဝါဒ ပြန်သုံးသပ်ဖို့ ကမ္ဘာ့အလုပ်သမားသမဂ္ဂတွေ တိုက်တွန်း

မြန်မာစစ်ကောင်စီပေါ်ချမှတ်တဲ့ မူဝါဒတွေကို ပြန်လည်သုံးသပ်ဖို့ ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂတွေက အီးယူ-ဥရောပသမဂ္ဂကို စစ်အာဏာသိမ်း သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်က တိုက်တွန်းလိုက်ပါတယ်။

ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရှိ ဥရောပသမဂ္ဂရုံးချုပ်။ AFP

မြန်မာစစ်ကောင်စီပေါ်ချမှတ်တဲ့ မူဝါဒတွေကို ပြန်လည်သုံးသပ်ဖို့ ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂတွေက အီးယူ-ဥရောပသမဂ္ဂကို စစ်အာဏာသိမ်း သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်က တိုက်တွန်းလိုက်ပါတယ်။

အထူးသဖြင့် EBA ဆိုတဲ့ လက်နက်ကလွဲလို့ အားလုံး ကုန်သွယ်ရေးမူဝါဒနဲ့ Made in Myanmar မြန်မာနိုင်ငံမှာ လုပ်သည်ဆိုတဲ့ အထည်လုပ်ငန်းကိုပြန်သုံးသပ်ဖို့ဖြစ်ပါတယ်။

ဒီမိုကရေစီ ခရီးဦးတည်တာကို အသိအမှတ်ပြုပြီး အီးယူက EBA ကို ၂၀၁၃ က ချမှတ်ခဲ့ပေမဲ့ စစ်အာဏာသိမ်း သုံးနှစ်ပြည့်ချိန်မှာ ဒီခရီးက ပြောင်းပြန်ဖြစ်တာ ထင်ရှားတာမို့ ဒါကို ရုပ်သိမ်းသင့်တယ်လို့ ထောက်ပြပါတယ်။

Made in Myanmar အစီအစဉ်ဟာ အလုပ်သမားအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အလုပ်သမားသမဂ္ဂတွေကို ပံ့ပိုးဖို့အပြင် အလုပ်သမားတွေ နစ်နာချက်တွေကို ဖြေရှင်းပေးဖို့ ဖြစ်ပေမဲ့ အလုပ်သမားသမဂ္ဂတွေကို စစ်ကောင်စီက ဖျက်သိမ်းတယ်လို့ ဖော်ပြပါတယ်။

ဒါတင်မက အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို စစ်ကောင်စီက ဖမ်းဆီးပြီး ဆန္ဒပြသူတွေနဲ့ အလုပ်သမား အခွင့်အရေးလှုပ်ရှားသူတွေကို ဖိနှိပ်ဖို့ အင်အားသုံးတယ်လို့ ပြောပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းတာကို အီးယူက ရှုတ်ချပြီး ပစ်မှတ်ထား အရေးယူပိတ်ဆို့ခဲ့တာတွေရှိတဲ့ အကြောင်းနဲ့ အာဏာသိမ်းနှစ်နှစ်ပြည့်ချိန်မတိုင်ခင်မှာ အခြေအနေ မတိုးတက်ရင် ဒိထက်မကအရေးယူမယ်လို့ သတိပေးခဲ့တဲ့အကြောင်းကိုလည်း ထောက်ပြပါတယ်။

ဒါကြောင့် EBA နဲ့ Made in Myanmar အစီအစဉ်ကို ရုပ်သိမ်းဖို့ တိုက်တွန်းပါကြောင်း ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်တွေက တိုက်တွန်းပါတယ်။ ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ ကောင်စီအဖွဲ့ဝင် အလုပ်သမားအဖွဲ့အစည်း ၁၁ ခုက အထွေထွေအတွင်းရေးမှုးတွေက အီးယူကို တိုက်တွန်းတာလည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org