တိုင်းရင်းသားလက်နက်ကိုင်ညီလာခံမှာ ငြိမ်းချမ်းရေးစာတမ်းတွေ တင်ပြ
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်းမြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ရဲ့ ညီလာခံ ဒုတိယနေ့မှာ တစ်ဖွဲ့ချင်းအလိုက် ပြည်တွင်းငြိမ်းချမ်းရေး သဘောထားစာတမ်းတွေကို တင်ပြကြပါတယ်။
-
2015-05-02 -
-
-
Your browser doesn’t support HTML5 audio
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်းမြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ရဲ့ ညီလာခံ ဒုတိယနေ့မှာ တစ်ဖွဲ့ချင်းအလိုက် ပြည်တွင်းငြိမ်းချမ်းရေး သဘောထားစာတမ်းတွေကို တင်ပြကြပါတယ်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်နိုင်ဖို့ တင်ပြခဲ့တယ်လို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က အထွေထွေအတွင်းရေးမှုး ဗိုလ်မှူးကြီး တာဖုန်းကျော်က ပြောပါတယ်။
"အဖွဲ့အစည်းတိုင်းက တင်ပြဖို့ကိစ္စရှိကြတာ အကုန်လုံးဝိုင်းတင်ပြကြတာ အဲ့ဒီအစီအစဉ်ကတော့ ပြီးသွားပါပြီ၊ အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးဖို့ ကိစ္စနဲ့ပတ်သက်ပြီးတော့မှ ကျနော်တို့သဘောထားကို ကျနော်တို့ တင်ပြရတာပဲ၊ တိုင်းရင်းသားအကုန်လုံး ပါဝင်ဖို့လိုတယ်၊ ပြီးတော့ တိုင်းရင်းသားအချင်းချင်း ပိုပြီးတော့ ညီညွတ်မှုရှိမယ့်ကိစ္စတွေကို ကျနော်တို့က အဲ့ဒါတွေပဲ ကျနော်တို့က အဓိကတင်ပြပါတယ်"
တက်ရောက်နေတဲ့အဖွဲ့အားလုံးက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာဖို့ အတွက် သဘောတူညီကြပေမယ့် တိုင်းရင်းသားဒေသတချို့မှာ တိုက်ပွဲတွေဖြစ်နေတဲ့ အခြေအနေကို ဘယ်လိုအဆုံးသတ်မလဲဆိုတဲ့အပေါ် ဆွေးနွေးရာမှာတော့ မတူတဲ့အမြင်တွေ တွေ့ရတယ်လို့ ဗိုလ်မှူးကြီး တာဖုန်းကျော်က ပြောပါတယ်။
မနေ့က ညီလာခံ ပထမနေ့မိန့်ခွန်းမှာ ဝပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP ဥက္ကဌ ဦးပေါက်ယူချမ်းက "ဝ" ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ်သတ်မှတ်ပေးဖို့ အစိုးရထံ တောင်းဆိုထားတာကို တိုင်ရင်းသားအဖွဲ့တွေက ထောက်ခံပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
ညီလာခံကို အစိုးရနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ MNDAA ကိုးကန့်အဖွဲ့ ၊ AA ရက္ခိုင့်တပ်မတော်နဲ့ KIO ကချင် လွတ်လပ်ရေးအဖွဲ့၊ KNU ကရင်အမျိုးသားအစည်းအရုံး၊ SSPP/SSA ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ ရှမ်းပြည်တိုးတက်ရေးပါတီ၊ NMSP မွန်ပြည်သစ်ပါတီ စတဲ့ တိုင်းရင်းသားအဖွဲ့ ၁၂ ဖွဲ့က ခေါင်းဆောင်ပိုင်းတွေ တက်ရောက်ဆွေးနွေးနေပါတယ်။
ဗိုလ်မှူးကြီး တာဖုန်းကျော်ကို RFA သတင်းထောက် ကိုသီဟထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ညီလာခံတက်ရောက်နေတဲ့ MNDAA ကို့ကန့်တပ်ဖွဲ့က ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။