တိုင်းရင်းသားတွေ အဖွဲ့တစ်ခု ထပ်မံဖွဲ့စည်း

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ NCA အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေး ကနေ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (EAO Peace Process Steering Team (EAO PPST) ကို ဖွဲ့စည်းခဲ့ကြောင်း မနေ့က ကြေညာလိုက်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သြဂုတ်လ ၂၄ ရက်နေ့က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ထိပ်သီးအစည်းအဝေး EAOs (Ethnic Armed Organizations Summit)ကျင်းပစဉ် Photo: Aung Moe Myint/RFA

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ NCA အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးကနေ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (EAO Peace Process Steering Team (EAO PPST) ကို ဖွဲ့စည်းခဲ့ကြောင်း မနေ့က ကြေညာလိုက်ပါတယ်။

အဲဒီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ဖွဲ့စည်းရတာနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီး ခွန်ဥက္ကာ က သတင်းထောက်တွေကို အခုလို ပြောကြားခဲ့ပါတယ်။

"NCA မှာပါဝင်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေ အနေနဲ့အချင်းချင်းကြားမှာသော်လည်းကောင်း လာမည့် အစိုးရသစ် နဲ့ သော်လည်းကောင်း၊ လက်မှတ် မထိုးသေးတဲ့ အဖွဲ့အစည်းအနေနဲ့သော်လည်းကောင်း၊ နိုင်ငံတကာနဲ့သော်လည်းကောင်း၊ အလုပ်လုပ်တဲ့နေရာမှာ ဦးဆောင်ဦးရွက်ပြုတဲ့ ဘော်ဒီတစ်ခုလိုလာမယ် ဒါကြောင့် အဲ့ဒီဘော်ဒီကလည်းပဲ နိုင်ငံရေး စစ်ရေး တပ်ပေါင်းစုကြီး ပုံသဏ္ဍာန် မဟုတ်ပဲနဲ့ ကျနော်တို့ပေါ်လစီ အရ ကျနော်တို့ ၈ ဖွဲ့နဲ့ လုပ်ငန်းတွေကို ဦးဆောင်သွားဖို့ ဆိုတဲ့ အဖွဲ့ဆိုတဲ့ နာမည်နဲ့ ပေါ်လစီရေးရာတွေမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေမှာ လမ်းညွန်နိုင်အောင်ဖွဲ့ထားတာ ဖြစ်ပါတယ် ဒါက ထိထိရောက်ရောက် JMC တို့၊ JICM တို့၊ UPDJC တို့ရဲ့ လုပ်ငန်းတွေ ပိုမိုအောင်မြင် သွက်လက်အောင် လမ်းညွန်နိုင်ဖို့ရည်မှန်းပြီးတော့ ဖွဲ့တာ ဖြစ်ပါတယ်"

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့မှာ အဖွဲ့ခေါင်းဆောင်အဖြစ် KNU ဥက္ကဌ ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး က ဦးဆောင်ပြီး ဒုအဖွဲ့ခေါင်းဆောင်အဖြစ် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ဥက္ကဌ ဒု ဗိုလ်ချူပ်ကြီး ယွက်ဆစ် အပါအဝင် PNLO အဖွဲ့က ဗိုလ်မှူးကြီး ခွန်ဥက္ကာနဲ့ CNF ဥက္ကဌ ပူးဇင်ကျုံးနဲ့ အဖွဲ့ဝင်တွေအဖြစ် ALP ဒုဥက္ကဌ ၁ ဦးခိုင်စိုးနိုင်အောင်၊ ABSDF ဥက္ကဌ ရဲဘော်သံခဲ၊ KNLA/PC အဖွဲ့က အထွေထွေအတွင်းရေးမှူး ကဘော်ထူး DKBA အဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးနဲ့ ဖွဲ့စည်း ခဲ့တာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အလားအလာ ကောင်းတွေကို မျှော်လင့်နေ တယ်လို့လည်း အစည်းအဝေးအပိတ်မိန့်ခွန်းမှာ CNF ဥက္ကဌ ပူးဇင်ကျုံး က ပြောဆိုသွားခဲ့ပါတယ်။

"ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအားလုံး မပါပဲနဲ့ ဒီငြိမ်းချမ်းရေးကြီးကို ကျနော်တို့ ပြည့်ပြည့်စုံစုံ တည်ဆောက်ဖို့ရန်အတွက် အင်မတန်မှ ခက်ခဲမှာ ဖြစ်ပါတယ်။ အဲ့တော့ အားလုံးပါဝင်လာရေးအတွက် ကျနော်တို့က ကြိုးပမ်းကြမှာဖြစ်သလို ကျနော်တို့တဖက်က အစိုးရ အနေနဲ့လည်း ကျနော်တို့ တိုင်းရင်းသား အားလုံး ပါဝင်လာရေးအတွက် ကြိုးပမ်းလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်မျှော်လင့်ပါတယ်၊ ထိုနည်းလည်ကောင်း တပ်မတော်ကလည်းပဲ ဒါကို နားလည်ပြီးတော့မှ ကျနော်တို့ရဲ့ ပြည်သူ့အကျိုး တိုင်းပြည်အကျိုးကို မျှော်ကိုးပြီးတော့မှ ဒါတွေကို အကောင်အထည်ဖော်ပေးလိမ့်မယ်လို့လည်း ကျနော်တို့ ယုံကြည်မျော်လင့်ပါတယ်"

NCA အပစ်ရပ် ၈ ဖွဲ့ဖက်နဲ့ NCA လက်မှတ်မရေးထိုးကြရသေးတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ဒီကနေ့ မတ်လ ၂၇ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်ရှိ ကြောင်းလည်း သိရပါတယ်။

 

 

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org