လောင်စာဆီကုမ္ပဏီတွေကနေ စစ်ကောင်စီစွမ်းအင်ဝန်ကြီးမိသားစု အကျိုးအမြတ်ရနေ
ဦးမျိုးမြင့်ဦးရဲ့ဇနီးက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြံပေးလုပ်ငန်းတည်ထောင်ထားပြီး ပြည်တွင်းက လောင်စာဆီထုတ်လုပ်ရေးနဲ့ သတ္တုတူးဖော်ရေးကုမ္ပဏီတွေဆီက အကျိုးအမြတ်ရနေတယ်လို့ ဖော်ပြပါတယ်။
-
RFA Burmese
2023-05-22 -
-
-
အမေရိကန်ပြည်ထောင်စု၊ ကနေဒါနဲ့ အီးယူ- ဥရောပ သမဂ္ဂက ဒဏ်ခတ်အရေးယူထားတဲ့ စစ်ကောင်စီ စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦးမိသားစုဟာ နိုင်ငံတကာ လောင်စာဆီကုမ္ပဏီတွေဆီက အကျိုးအမြတ်တွေ ရရှိနေတယ်လို့ မြန်မာစစ်တပ်နဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေကို သုတေသနလုပ်နေတဲ့ Justice for Myanmar အဖွဲ့က မေလ ၂၂ ရက်နေ့က ဖော်ထုတ်လိုက်ပါတယ်။
ဦးမျိုးမြင့်ဦးရဲ့ဇနီးဖြစ်သူ ဒေါက်တာဥမ္မာမေတင်လှိုင်က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြံပေးလုပ်ငန်းတစ်ခုကို တည်ထောင်ထားပြီး ပြည်တွင်းမှာ လုပ်ကိုင်နေကြတဲ့ လောင်စာဆီ ထုတ်လုပ်ရေးနဲ့ သတ္တုတူးဖော်ရေးကုမ္ပဏီတွေဆီကနေ အကျိုးအမြတ်တွေ ရရှိနေတယ်လို့ ဖော်ပြပါတယ်။
ဒီလို စီးပွားရေးအကျိုးအမြတ်တွေရနေတာဟာ အကျိုးစီးပွားပဋိပက္ခရှိနေတယ်ဆိုတာ ထင်ရှားတယ်လို့ ထောက်ပြပါတယ်။
ဒေါက်တာဥမ္မာမေတင်လှိုင်နဲ့ အဆင့်မြင့်အရာရှိတစ်ဦးဖြစ်ခဲ့တဲ့ သူ့ဖခင် ဦးတင်လှိုင်တို့ ပူးတွဲပိုင်ဆိုင်တဲ့ ပတ်ဝန်းကျင်အရည်အသွေး စီမံခန့်ခွဲရေးကုမ္ပဏီကို Environmental Quality Management Company Limited (EQM) ကို ကြံ့ခိုင်ရေးနဲ့စည်းလုံးညီညွတ်ရေးပါတီအစိုးရလက်ထက် ၂ဝ၁၂ ခုနှစ်မှာ မှတ်ပုံတင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒေါက်တာဥမ္မာမေတင်လှိုင်ရဲ့ကုမ္ပဏီ EQM ဝဘ်ဆိုဒ်မှာ စီမံကိန်း ၈၇ ခုကို ဖော်ပြထားပါတယ်။ အများစုက ရေနံနဲ့သဘာဝဓာတ်ငွေ့ကုမ္ပဏီတွေ ဖြစ်ကြပြီး TotalEnergies, ONGC Videsh, ENI, POSCO International, PTTEP, Petronas, Shell နဲ့ Petroleum Brunei တို့ ပါဝင်တယ်လို့ Justice for Myanmar က ပြောပါတယ်။
JFM က ဖော်ထုတ်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီခန့် စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦးကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
ဦးမျိုးမြင့်ဦးဟာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ခန့်အပ်တာဝန်ပေးခံရတဲ့ သုံးယောက်မြောက် စွမ်းအင်ဝန်ကြီး ဖြစ်ပါတယ်။