အယ်ဒီတာ ၁၇ ဦး တရားစွဲခံရမှု မိမိတစ်ဦးတည်း တာဝန်ခံမယ်လို့ အယ်ဒီတာချုပ်ပြော
အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပုံနှိပ်စက်ဝယ်ယူမှုဆိုင်ရာ သတင်းရေးသားဖော်ပြမှုနဲ့ပတ်သက်လို့ The Daily Eleven နေ့စဉ်သတင်းစာက အယ်ဒီတာအဖွဲ့ ၁၇ ဦး တရားစွဲဆိုခံထားရမှုကို မိမိတစ်ဦးတည်း တာဝန်ခံဆောင်ရွက်သွားမယ်လို့ သတင်းစာရဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားလိုက်ပါတယ်။
-
2015-06-20 -
-
-
Your browser doesn’t support HTML5 audio
အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပုံနှိပ်စက်ဝယ်ယူမှုဆိုင်ရာ သတင်းရေးသားဖော်ပြမှုနဲ့ပတ်သက်လို့ The Daily Eleven နေ့စဉ်သတင်းစာက အယ်ဒီတာအဖွဲ့ ၁၇ ဦး တရားစွဲဆိုခံထားရမှုကို မိမိတစ်ဦးတည်း တာဝန်ခံဆောင်ရွက်သွားမယ်လို့ သတင်းစာရဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားလိုက်ပါတယ်။
ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ဒီနေ့ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ The Daily Eleven နေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
"ဒီသတင်းအနေနဲ့ သတင်းစာမှာမပါဝင်ခင်အချိန် နောက်ဆုံးဖိုင်နယ် ပြင်ဆင်တည်းဖြတ် တာဝန်ခံရတာ ကျနော်ဖြစ်တဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်လို့ ဒီသတင်းနဲ့ပတ်သက်လို့ရှိရင် တာဝန်အရှိဆုံးက ကျနော်ပါပဲ၊ ဒါကြောင့် အခုကျနော်တို့ကို စွဲဆိုတဲ့အမှုနဲ့ပတ်သက်လို့ရှိရင်လည်း တာဝန်အရှိဆုံးဖြစ်တဲ့ ကျနော်ကပဲ တာဝန်ယူ တာဝန်ခံပြီးတော့ ဥပဒေအတိုင်း ရင်ဆိုင်ရှင်းလင်းသွားမှာဖြစ်ပါတယ်"
ဒီအမှုဟာ ပြန်ကြားရေးဝန်ကြီးဌာနက ၂ဝဝ၉ ခုနှစ်မှာ ယူရို ၇ သိန်းနဲ့ ပုံနှိပ်စက်ကို ဝယ်ယူခဲ့ကြောင်း သတင်းဖော်ပြမှုအတွက် ပြန်ကြားရေးဝန်ကြီးဌာနက The Daily Eleven နဲ့ The Weekly Eleven အမှုဆောင်အရာရှိချုပ်အပါအဝင် ၅ ဦးကို ပုဒ်မ ၅ဝဝ နဲ့ တရားစွဲတဲ့ သတင်းဖော်ပြမှုအတွက် ထပ်ဆင့်တရားစွဲဆိုခံရမှု ဖြစ်ပါတယ်။
မတ်လ ၂၁ ရက်နေ့ထုတ် The Daily Eleven နေ့စဉ်သတင်းစာပါ "ပြန်ကြားရေးဝန်ကြီးဌာနတွင် ဈေးနှုန်း ယူရို ၇ သိန်းနဲ့ ပုံနှိပ်စက်ကို ဝယ်ယူထားတာမှန်ကန်ကြောင်း တရားလိုပြသက်သေထွက်ဆို "ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး တရားရုံးမထေမဲ့မြင်ပြုမှုနဲ့ မန္တလေးတိုင်း တရားလွှတ်တော်ကို ပြန်ကြားရေးဝန်ကြီးဌာန သတင်းနဲ့စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှုး ဦးကျော်စိုးက တရားလိုပြုလျှောက်ထားခဲ့တာ ဖြစ်ပါတယ်။
အမှုနဲ့ပတ်သက်ပြီး The Daily Eleven နေ့စဉ်သတင်းစာက အယ်ဒီတာအဖွဲ့ ၁၇ ဦးကို တရားစွဲဆိုထားကြောင်း ဇွန်လ ၁၅ ရက်နေ့က မန္တလေးတိုင်းတရားလွှတ်တော်ရုံးက အကြောင်းကြားစာပေးပို့ခဲ့တာဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့်တင်ပြထားတာ နားဆင်နိုင်ပါတယ်။