ငလျင်ဘေးကူညီရေး အတားအဆီးတွေ ဖယ်ရှားဖို့နဲ့ စစ်ဆင်ရေးအားလုံး ရပ်ဖို့ ကုလပြော

လူထူထပ်တဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်တဲ့ သတင်းတွေ ရရှိထားပြီး အများအပြားက အဆင်အခြင်မဲ့ တိုက်ခိုက်မှုတွေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ချိုးဖောက်တာ တွေ့ရတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာ၌ ၂၀၂၅ခုနှစ်၊ ဧပြီ ၉ ရက်တွင် ဗုံးကြဲတိုက်ခိုက်ခံပြီးနောက် အပျက်အစီးများအား တွေ့ရစဉ်။ The 74 Media

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ ကြေကွဲဖွယ်ငလျင်အပြီးမှာ အပစ်အခတ်ရပ်စဲကြောင်း စစ်ကောင်စီက ကြေညာထားပေမဲ့ စစ်ဆင်ရေးတွေ ဆက်လုပ်နေတာကြောင့် အရပ်သားတွေ ထိခိုက်ခံစား နေကြရဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ပြောခွင့်ရသူ Ravina Shamdasani က ပြောပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဘေးသင့်ဒေသတွေကို ရောက်ရှိရေး တစ်ခုတည်းကို အာရုံစိုက်သင့်တဲ့အချိန်မှာ စစ်တပ်က တိုက်ခိုက်မှုတွေ လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ငလျင်လှုပ်ခတ်ပြီးကတည်းက စစ်ကောင်စီက တိုက်ခိုက်မှုအကြိမ်ပေါင်း ၁၂၀ ကျော် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပြီး ထက်ဝက်ကျော်က ဧပြီ ၂ ရက် အပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီးမှ တိုက်ခိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီထဲမှာ အများစုက ငလျင်ဘေးသင့်ဒေသတွေမှာ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေ ပါဝင်တယ်လို့ ပြောပါတယ်။ လူထူထပ်တဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်တဲ့ သတင်းတွေလည်း ရရှိထားပြီး အများအပြားက အဆင်အခြင်မဲ့ တိုက်ခိုက်မှုတွေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ချိုးဖောက်တာ တွေ့ရတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂအနေနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးဖို့အတွက် အတားအဆီးမှန်သမျှ ဖယ်ရှားဖို့နဲ့ စစ်ဆင်ရေးတွေ အားလုံး ရပ်တန့်ဖို့ တောင်းဆိုတယ်လို့ ဆိုပါတယ်။

သင်္ကြန်ပွဲတော်နဲ့ နှစ်သစ်ကူးကာလ တနင်္ဂနွေနေ့မှာ စတင်မှာဖြစ်တဲ့အတွက် လိုအပ်နေသူအားလုံးကို ကူညီနိုင်ဖို့ ကြိုးပမ်းအားထုတ်မှုတွေလုပ်ဖို့ တောင်းဆိုကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတည်းက ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် အပြည့်အဝပေးဖို့ တောင်းဆိုကြောင်း ပြောပါတယ်။

လူသားချင်းစာနာမှုအထောက်အကူတွေ ပေးဖို့အတွက် အတားအဆီးအားလုံးကို ဖယ်ရှားဖို့နဲ့ စစ်ဆင်ရေးတွေ ရပ်တန့်ဖို့ ကုလသမဂ္ဂလူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး Volker Turk ကလည်း စစ်ကောင်စီကို တောင်းဆိုပါတယ်။

နိုင်ငံတကာဥပဒေအရ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေသူတွေဆီ ရောက်ရှိရေးဟာ မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးမှာ တာဝန်ရှိတယ်လို့ လည်း ကုလမဟာမင်းကြီးက သတိပေးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org