ငလျင်ကြောင့် ဘာသာရေးအဆောက်အအုံ တစ်သောင်းနီးပါး ပျက်စီး

ပျက်စီးသွားတဲ့ ဘာသာရေး အဆောက်အအုံတွေထဲမှာ ဘုရား၊ စေတီပေါင်း ၅၄၀၂ ဆူ၊ ဘုန်းကြီးကျောင်းပေါင်း ၃၈၄၁ ကျောင်း ပါဝင်ပါတယ်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သော မစိုးရိမ်ကျောင်းတိုက်ကို ဧပြီလ ၇ နေ့က မြင်တွေ့ရစဉ်။

ငလျင်ကြောင့် နိုင်ငံတစ်ဝန်းက ဘာသာရေးအဆောက်အအုံ ၉၆၄၃ ခု ပျက်စီးခဲ့ကြောင်း စစ်ကောင်စီ  သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဦးတင်ဦးလွင်က ပြောပါတယ်။

နေပြည်တော်မှာ ဧပြီလ ၁၂ ရက်ကပြုလုပ်ခဲ့တဲ့ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးမှာ ပြောဆိုခဲ့တာလို့ စစ်ကောင်စီရဲ့ သတင်းစာတွေက ဧပြီလ ၁၃ ရက်မှာ ဖော်ပြပါတယ်။

ပျက်စီးသွားတဲ့ ဘာသာရေး အဆောက်အအုံတွေထဲမှာ ဘုရား၊ စေတီပေါင်း ၅၄၀၂ ဆူ၊ ဘုန်းကြီးကျောင်းပေါင်း ၃၈၄၁ ကျောင်း၊ သီလရှင်ကျောင်း ၁၈၇ ကျောင်း၊ ဗလီ ၁၃၆လုံး၊ ခရစ်ယာန်ဘုရားကျောင်း ၅၀၊ ဟိန္ဒူဘုရားကျောင်း ၂၆ ကျောင်းနဲ့ ဘုံကျောင်း တစ်ကျောင်းတို့ ပါဝင်ပါတယ်။

ဒီအပျက်အစီးတွေထဲ ရဟန်း ၁၅၉ ပါး၊ သီလရှင် ၅၅ ပါး ပျံလွန်တော်မှုခဲ့သလို ရဟန်း ၁၂၄ ပါးနဲ့ သီလရှင်  ၅၃ ပါး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အစ္စလာမ်ဘာသာဝင် ၆၇၃ ဦး၊ ဟိန္ဒူဘာသာဝင် ၁၆ ဦး၊ ခရစ်ယာန်ဘာသာဝင်ကိုးဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေထဲ အစ္စလာမ်ဘာသာဝင် ၄၁၈ ဦး၊ ခရစ်ယာန်ဘာသာဝင် သုံးဦး ပါဝင်တယ်လို့ စစ်ကောင်စီ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org