ပုဒ်မ ၂၆၁ ပြင်ဆင်ရေးမူကြမ်းကို ၄၅ ဦးပါ ကော်မတီမှာ ထည့်သွင်းဆွေးနွေးဖို့ ဆုံးဖြတ်

တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ ခန့်အပ်ပိုင်ခွင့်နဲ့ ပတ်သက်တဲ့ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ထားတဲ့ ဖဲ့ွစည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမူကြမ်းကို လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ဦးဆောင်တဲ့ ၄၅ ဦးပါ ကော်မတီမှာ ထည့်သွင်းဆွေးနွေးဖို့ ပြည်ထောင်စုလွှတ်တော်က ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ၂၀၁၉၊ မေ ၁၄ ရက်နေ့က ကျင်းပစဉ် Photo: Pyidaungsu Hluttaw

တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ ခန့်အပ်ပိုင်ခွင့်နဲ့ ပတ်သက်တဲ့ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ထားတဲ့ ဖဲ့ွစည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမူကြမ်းကို လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ဦးဆောင်တဲ့ ၄၅ ဦးပါ ကော်မတီမှာ ထည့်သွင်းဆွေးနွေးဖို့ ပြည်ထောင်စုလွှတ်တော်က ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးသိန်းထွန်း တင်သွင်းထားတဲ့ အဆိုအရ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဥပဒေမူကြမ်းကို ၄၅ ဦးပါ ကော်မတီမှာ ထည့်သွင်းဆွေးနွေးဖို့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို တပ်မတော်သား ကိုယ်စားလှယ်တွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား ကိုယ်စားလှယ် စုစုပေါင်း ၁၄၃ ဦးက တင်သွင်းထားတာ ဖြစ်ပါတယ်။

အဲဒီဥပဒေကြမ်းမှာ ပုဒ်မ ၂၆၁ တစ်ခုတည်းကိုသာ ပြင်ဆင်ထားတဲ့ဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံးကို လေ့လာနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီမှာပဲ ထည့်သွင်းဆွေးနွေးစေလိုတာ ဖြစ်ပါတယ်။

ဒီဥပဒေကြမ်းကို အင်န်အယ်လ်ဒီပါတီ ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် တင်သွင်းထားတဲ့ အဆိုအရ ဖွဲ့လိုက်တဲ့ အဖွဲ့ဝင် ၄၅ ဦးပါ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီမှာ ထည့်သွင်းဆွေးနွေးဖို့ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီက ဒီကနေ့ အစီရင်ခံစာ တင်သွင်းခဲ့တာပါ။

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းအပြီးမှာပဲ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးသောင်းအေးတို့က မတ်တပ်ရပ်ကန့်ကွက်ခဲ့ပေမယ့် လွှတ်တော် နာယက က ဆွေးနွေးခွင့် မပေးခဲ့ပါဘူး။

အဲဒီနောက် ပူးပေါင်းကော်မတီရဲ့ တင်ပြချက်အရ မဲခွဲဆုံးဖြတ်တာမှာ ကန့်ကွက်မဲ ၁၉၈ မဲ၊ ထောက်ခံမဲ ၃၈၀ နဲ့ အတည်ပြုလိုက်တာဖြစ်ပါတယ်။

မဲခွဲဆုံးဖြတ်ချက် ရလဒ်အပေါ် တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင်က ဒီမိုကရေစီ အနိုင်ကျင့်ခံရကြောင်း ပြောပါတယ်။

ဦးအောင်ကြည်ညွန့် တင်သွင်းတဲ့ အဆိုအရ ဖွဲ့စည်းထားတဲ့ အဖွဲ့ဝင် ၄၅ ဦးပါ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီဟာ လာမယ့် ဇူလိုင်လအတွင်း အစီရင်ခံစာ တင်သွင်းမှာ ဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org