မြဝတီ-ကော့ကရိတ်လမ်း စစ်အစိုးရတပ်ကားတွေ မစီးကြဖို့ DKBA သတိပေး
မြဝတီ- ကော့ကရိတ် ကားလမ်း တလျှောက် စစ်အစိုးရတပ် သယ်ယူ ပို့ဆောင်ရေး ယာဉ်တန်းတွေကို ဒီကေဘီအေ တပ်တွေက နောက်ထပ် တိုက်ခိုက်ဖို့ ရှိတဲ့အတွက် အဲဒီလမ်းကြောင်း တလျှောက် သွားလာနေတဲ့ ခရီးသွား ပြည်သူတွေကို ဒီကေဘီအေ တပ်ဖွဲ့တွေက သတိပေးထားတယ်လို့ သိရပါတယ်။
-
2011-02-13 -
-
-
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဝေါလေဒေသကနေ ကော့ကရိတ်မြို့ကို ပြန်လည် ဆုတ်ခွာသွားတဲ့ စစ်အစိုးရ ခြေလျင်တပ်ရင်း ခလရ (၈၁) ဟာ အရပ်ဝတ်တွေလဲပြီး စစ်ကားတွေပေါ်မှာ လိုက်ပါသွားတဲ့အတွက် အရပ်သားတွေနဲ့ မှားယွင်းပစ်ခတ်မှာ စိုးတဲ့အတွက် အခုလို သတိပေးရတာဖြစ်ကြောင်း ဒီကေဘီအေ တပ်မှူး ဗိုလ်မှူးချုပ် စောလားပွယ်က ပြောပါတယ်။
စစ်အစိုးရ စကခ (၁၉)၊ တပ်မ (၂၂) အပါအဝင် အင်အား တော်တော်များများဟာ ဝေါလေ နဲ့ ဖလူး ဒေသတွေကို ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။ ဗိုလ်မှူးချုပ် စောလားပွယ် ဦးဆောင်တဲ့ ဒီကေဘီအေ တပ်တွေကလည်း မြဝတီ- ကော့ကရိတ်လမ်းကြောင်း တလျှောက်မှာ ဖေဖော်ဝါရီလ ပထမအပတ် ကတည်းက တန်ပြန် ထိုးစစ်ဆင်နေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၁ဝ ရက်နေ့က တိုက်ပွဲတွေ စဖြစ်ခဲ့တယ်လို့ ဒီကေဘီအေတပ်တွေနဲ့ ပူးတွဲ တိုက်နေတဲ့ အေဘီအက်စ်ဒီအက်ဖ် တပ်မှူး ကိုခင်ကျော်က ပြောပါတယ်။
ဒီကနေ့မနက်ပိုင်းက ကော့ကရိတ်မြို့မှာ ရှိတဲ့ စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဆွယ်ရုံးတခုကို ဒီကေဘီအေဘက်က လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။