မြေသိမ်းခံ လယ်သမားများ လွှတ်တော်အမတ်နဲ့ ဆွေးနွေး
မကွေးတိုင်းဒေသကြီးအတွင်းမြို့နယ် ၂၆ မြို့နယ်က သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေအမှုတွေနဲ့ပတ်သက်ပြီး တောင်သူလယ်သမားသမဂ္ဂနဲ့ လယ်သမားတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဥပဒေပညာရှင်တွေဟာ မကွေးမြို့မှာ ဆွေးနွေးခဲ့ကြပါတယ်။
-
2014-08-31 -
-
-
Your browser doesn’t support HTML5 audio
မကွေးတိုင်းဒေသကြီးအတွင်းမြို့နယ် ၂၆ မြို့နယ်က သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေအမှုတွေ နဲ့ပတ်သက်ပြီး တောင်သူလယ်သမားသမဂ္ဂနဲ့ လယ်သမားတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဥပဒေပညာရှင်တွေဟာ မကွေးမြို့မှာ ဆွေးနွေးခဲ့ကြ ပါတယ်။
မကွေးတိုင်းအတွင်းက လယ်သမားတွေတင်ပြတဲ့ လယ်ယာမြေအမှုတွေကို လာမယ့်လွှတ်တော် အစည်းအဝေးမှာ တင်ပြပေးသွားမှာဖြစ်တယ် လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိန်ထွန်းက ပြောပါတယ်။
"ကျနော်တို့ အဓိကထားတာကတော့ အခုပြည်သူ့လွှတ်တော်မှာ မေးခွန်းများနဲ့မေးပါမယ်၊ ပြည်ထောင်စုလွှတ်တော်မှာ အဆိုရှင်များနဲ့ တင်ပြပြီးတော့ဆွေးနွေးပါမယ်၊ အဲ့ဒါအပြင် သိမ်းဆည်းခံမြေယာ စုံစမ်းရေးကော်မရှင်ကိုလည်းပဲ ကျနော်တို့ တင်သွင်းသွားပါမယ်၊ အဲ့ဒါအပြင်မှာ မြေယာအသုံးချမှှု စီမံခန့်ခွဲရေးအဖွဲ့ ဒုသမ္မတနဲ့ ဦးဉာက်ထွန်းအဖွဲ့ကိုလည်း ကျနော်တို့ တင်ပြသွားပြီး ဆောင်ရွက်ဖို့တွေလည်း ရှိပါလိမ့်မယ်၊ အစိုးရသစ်ရဲ့ သက်တမ်းဟာ ၃ နှစ်ကျော်လာပါပြီ၊ သူတို့ ၂၀၁၁ ခုနှစ်ကတည်းက မြေ ယာပြဿနာတွေကို ဖြေရှင်းဖို့ လုပ်ထုံးလုပ်နည်းတွေ သူတို့ထုတ်ပြန်ညွှန်ကြားပြီး ဆောင်ရွက်လာခဲ့တာ ၃ နှစ်ကျော်မှာတောင်ဘာမှ ထိထိရောက်ရောက် မရှိသေးဘူးဆိုတော့ ကျန်တဲ့ ၁ နှစ်ခွဲလောက် ကာလမှာတော့ အလွန်ဆုံး တစ်ဝက်ပြီးရင်တောင် ကံကောင်းလို့တော့ ပြောရမှာပါ"
မြို့နယ် ၂၆ မြို့နယ်မှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေဧက သိန်းဂဏန်းလောက်ရှိပြီး တပ်မတော်က သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲကို လယ်သမား ၁၅၀ ကျော်တက်ရောက်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညို၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိန်ထွန်း၊ နိုင်ငံတော်သမ္မတအကြံပေး ဦးဇော်မင်းနဲ့ ဥပဒေပညာရှင်တွေ တက်ရောက်ခဲ့ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ထွန်းကို RFA သတင်းထောက် မစန်းမော်အောင် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။