ဒီမောဆိုမှာ ထွန်တုံးတိုက်ပွဲဝင် ရွာသား ၁၀ ဦးကို ခေါ်ယူစစ်ဆေး
ကယားပြည်နယ် ဒီမောဆိုမြို့နယ်၊ အမှတ် ၃၆၀ အမြောက်တပ်က သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေမှာ ဝင်ရောက်ထွန်ယက် လို့ဆိုပြီး ပိုင်နက်ကျူးလွန်မှုနဲ့ ဒီမောဆိုမြို့နယ် ‘ဒေါဆိုရှေ့’ ရွာအနီးက ရွာသား ၁၀ ဦးကို ဒီမောဆို မြို့နယ်ရဲစခန်းက ဒီနေ့ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
-
2014-07-30 -
-
-
ကယားပြည်နယ် ဒီမောဆိုမြို့နယ်၊ အမှတ် ၃၆၀ အမြောက်တပ်က သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေမှာ ဝင်ရောက်ထွန်ယက်လို့ဆိုပြီး ပိုင်နက်ကျူးလွန်မှုနဲ့ ဒီမောဆိုမြို့နယ် ‘ဒေါဆိုရှေ့’ ရွာအနီးက ရွာသား ၁၀ ဦးကို ဒီမောဆို မြို့နယ်ရဲစခန်းက ဒီနေ့ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
ဒီကနေ့ မြို့နယ်ရဲစခန်းမှာ အစစ်ဆေးခံခဲ့ရတဲ့ ရွာသား ကိုမာရီးနို က အခုလိုပြောပါတယ်။
"အဓိက သူပြောတာက ဒီနေ့ပြောတာက ဒီတောင်ယာတွေက ဆက်လက်ပြီး မလုပ်တော့နဲ့တဲ့၊ ကျနော် တို့က ပြန်လုပ်ချင်တယ်၊ ပြီးတော့ လုပ်သားတွေလည်းရပြီးပြီ၊ လုပ်သားတွေလည်း အကုန်လုံးအတူ တူတွေပါပဲ၊ အကုန်လုံးဒုက္ခရောက်နေကြတာကျတော့ ဒီနေရာကို မဖြစ်ဖြစ်တဲ့နည်းနဲ့ကို ထပ်တိုး ပြီးတော့မှ ကျနော်တို့ ပြန်လိုချင်တယ်"
လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်လောက်က အမှတ် ၃၆၀ အမြောက်တပ်က တပ်အခြေစိုက်ဖို့အတွက် ဒေါဆိုရှေ့ရွာက အိမ်ခြေ ၃၀လောက်ကို ပြောင်းရွှေ့ခိုင်းပြီး အဲ့ဒီရွာက လယ်ယာမြေဧက တစ်ထောင်ကျော်ကို တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခဲ့တာလို့ ရွာသားတွေက ပြောပါတယ်။
‘ဒေါဆိုရှေ့’ ရွာသားတွေက ရွာအနီးမှာ ပြောင်းရွှေ့နေထိုင်ကြပြီး အမြောက်တပ် တပ်ရင်းမှူး ဟောင်းထံကနေ သီးစားယူလုပ်ကိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအသစ်ရောက်ရှိလာတဲ့ တပ်ရင်းမှူးက လယ်ယာမြေတွေမှာ ဆက်လက်မစိုက်ပျိုးဖို့ ဒီလ ၂၃ ရက်နေ့က ရွာသားတွေကို အသိပေးထားတာလို့ သိရပါတယ်။
အဲ့ဒီလိုအသိပေးပြီးနောက် ဝင်ရောက်ထွန်ယက်ခဲ့တဲ့ ရွာသား ၁၀ဦးကို တရားစွဲလိုက်တာဖြစ်ပါတယ်။