သေဒဏ်ပေးကွပ်မျက်မှု ပြည်တွင်း၊ပြည်ပ ကန့်ကွက်ရှုတ်ချ
ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို ကွပ်မျက်လိုက်တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ ရုံးချိန်းမှာ သိရှိသွားပြီး စိတ်မကောင်းဖြစ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဥပဒေကြောင်းအရ ဒီလောက်အထိ လုပ်လို့ရသလားဆိုပြီး မေးခွန်းထုတ်ခဲ့တယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပေး ပြောဆိုတာတော့ မရှိခဲ့ဘူးလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
သေဒဏ်ပေးကွပ်မျက်မှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ဒီကနေ့ ကြေညာချက် ထုတ်ပြန် ရှုတ်ချလိုက်ပါတယ်။ ဒီမိုကရေစီလိုလားတဲ့ ခေါင်းဆောင်တွေနဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေကို စစ်အာဏာရှင်အဖွဲ့အစည်းက ကွပ်မျက်ခဲ့တဲ့အပေါ် ရှုတ်ချကြောင်း ပြောပါတယ်။
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို ဆုံးရှုံးရခြင်းအတွက် မြန်မာပြည်သူတွေနဲ့အတူ ပူဆွေးသောက ရောက်ရတယ်လို့လည်း ဆိုပါတယ်။
ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီတို့ အပါအဝင် လေးဦးကို သေဒဏ်ပေး ကွပ်မျက်တဲ့လုပ်ရပ်ဟာ နိုင်ငံတကာဥပဒေအရရော ပြည်တွင်းဥပဒေအရပါ ခွင့်ပြုလို့ မရတဲ့ တရားမဲ့သတ်ဖြတ်မှုဖြစ်တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Erwin van der Borght က ပြောကြားလိုက်ပါတယ်။
သူတို့ကို စစ်ခုံရုံးကနေ အထူးလျှို့ဝှက်ပြီး တရားမဲ့စွာ ပြစ်ဒဏ်ပေးတာလို့ ပြောပါတယ်။ ဒီလို ပုံစံအတိုင်း ကျင့်သုံးပြီး လူတစ်ရာကျော်ကို သေဒဏ်ပေးဖို့ရှိနေတာမို့ နိုင်ငံတကာက ချက်ချင်းအရေးယူရမယ်လို့ ပြောပါတယ်။
Fortify Rights လူ့အခွင့်အရေးအဖွဲ့ရဲ့ အရှေ့တောင်အာရှရေးရာဒါရိုက်တာ မက်သယူးစမစ်ကတော့ ဒီလို ကြိုးပေးသတ်ဖြတ်မှုဟာ သိပ်ကိုကြောက်စရာကောင်းတဲ့ လူသတ်မှု ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
ဒီသတ်ဖြတ်မှုဟာ အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်ရဲ့ လူသားမျိုးနွယ်စုတွေအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေ၊ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေထဲက တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာအာဏာသိမ်းစစ်ကောင်စီအနေနဲ့ ဒီလိုသတ်ဖြတ်ပြပြီး၊ သူ့ကိုဆန့်ကျင်တော်လှန်နေသူတွေ ကြောက်လန့် တုန်လှုပ်သွားအောင်လုပ်လို့ရမယ်လို့ တွေးတောနေရင်တော့ လုံးဝမှားယွင်းလိမ့်မယ်လို့လည်း ဆိုပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi ကလည်း ဒီလိုကွပ်မျက်တာဟာ နိုင်ငံတကာအသိုက်အဝန်းမှာ မြန်မာနိုင်ငံအတွက် ပိုလို့သာ အထီးကျန်လာစေမယ်လို့ ပြောကြားလိုက်ပါတယ်။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) အာရှရေးရာ ဒါရိုက်တာ Elaine Pearson ကလည်း မြန်မာစစ်တပ်ရဲ့ ကြိုးပေး သတ်ဖြတ်မှုဟာ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။
ဒါဟာ လူ့အသက်တွေကို လျစ်လျူရှု ရက်ရက်စက်စက် သတ်ဖြတ်ပြပြီး စစ်အာဏာဆန့်ကျင်ရေး လှုပ်ရှားသူတွေကို သွေးအေးသွားအောင် လုပ်ဖို့ ရည်ရွယ်နေတာလို့ ဆိုပါတယ်။
ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံတွေ၊ အမေရိကန်ပြည်ထောင်စုနဲ့ တခြားအစိုးရတွေအနေနဲ့ မြန်မာစစ်တပ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တန်ပြန်အရေးယူမှုပိတ်ဆို့မှုတွေ လုပ်ပြကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကလည်း စစ်ကောင်စီဟာ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေကို ချိုးဖောက်ပြီး အယူခံဝင်ခွင့်မရှိ၊ ဥပဒေအကြံပေးမပါဘဲ ဒီလေးဦးကို စစ်ခုံရုံးကနေ စီရင်ချက်ချလိုက်တာဖြစ်တယ်လို့ ပြောပါတယ်။
ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ ကွပ်မျက်မှုကို ကုလသဂ္ဂအဖွဲ့ဝင်နိုင်ငံ အားလုံးနဲ့အတူ အာဆီယံကလည်း ပြင်းပြင်းထန်ထန် အရေးယူရမယ်လို့ ဆိုပါတယ်။
ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီတို့ အပါအဝင် လေးဦးကို သေဒဏ်ပေး စီရင်တဲ့ လုပ်ရပ်ဟာ ပြည်သူလူရဲ့ ဒေါသကို မခံချင်အောင် နှိုးဆွလိုက်တာလို့ ရက္ခိုင့်တပ်တော် (AA) က ဒီကနေ့ ထုတ်ပြန်ပါတယ်။ နောက်ဆက်တွဲဖြစ်လာနိုင်မယ့် အခြေအနေတွေကို စိုးရိမ်တယ်လို့လည်းဆိုပါတယ်။
သေဒဏ်ချမှတ်မှုကို အာဆီယံအပါအဝင် အိမ်နီးချင်းနဲ့ အင်အားကြီးနိုင်ငံတွေက ကန့်ကွက်နေတဲ့ကြားကပဲ စစ်ကောင်စီဟာ ဂရုမစိုက်ဘဲ အခုလိုလုပ်လိုက်တာဟာ ငြိမ်းချမ်းစွာဖြေရှင်းနိုင်မယ့် နိုင်ငံရေးအလားအလာ လမ်းစကောင်းတွေကို ရင့်ရင့်သီးသီး ခြေနဲ့ နင်းခြေပြလိုက်တာလို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ ထုတ်ပြန်ချက်မှာ ဖော််ပြါတယ်။
ဒီလေးဦးကို သေဒဏ်ချလိုက်ပေမယ့် နွေဦးတော်လှန်ရေးရဲ့ အနာဂတ်သူရဲကောင်းတွေ ထပ်မံမွေးဖွားလာဦးမယ်လို့လည်း ဆိုပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဗိုလ်ချုပ်ဂွမ်မော်ကလည်း ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီတို့ အပါအဝင် လေးဦးကို သေဒဏ်ပေး စီရင်တဲ့သတင်းသာမှန်ခဲ့ရင် သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှု ရှိမယ်လို့ သူ့ရဲ့ Facebook စာမျက်နှာကနေ ရေးသားလိုက်ပါတယ်။