ဝန်ကြီး ဒေါ်နီလာကျော် အဂတိအမှုနဲ့ ထောင်ဒဏ် ၁၆ နှစ်ချမှတ်ခံရ
2022.03.01

ရန်ကုန်တိုင်းဝန်ကြီး ဒေါ်နီလာကျော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ စွပ်စွဲထားတဲ့ အမှုပေါင်း ၁၆ မှုအတွက် စစ်ကောင်စီက အလုပ်နဲ့ ထောင်ဒဏ် ၁၆ နှစ်ချမှတ်လိုက်ပါတယ်။
ရန်ကုန်တိုင်း အစိုးရအဖွဲ့ လျှပ်စစ်နဲ့ စက်မှုဝန်ကြီးဌာန၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါ်နီလာကျော်ကို ဖေဖော်ဝါရီ ၂၈ရက်နေ့က ရန်ကုန်တိုင်း တရားလွှတ်တော်က အပြီးသတ်အမိန့်ချမှတ်ခဲ့တာလို့ စစ်ကောင်စီက မတ်လ ၁ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒေါ်နီလာကျော်ဟာ ၂ဝ၁၇ ခုနှစ် မတ်လကနေ ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလအတွင်း မြန်မာကျပ်ငွေ သိန်းပေါင်း ၃၆ဝဝ ကျော် လက်ခံရယူခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ကို ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မေလ ၇ရက်နေ့က အမှု ၁၆ မှုအတွက် စွဲချက်တင်ခံခဲ့ရတာပါ။
စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ တစ်နှစ်ကျော်အတွင်း NLD ပါတီခေါင်းဆောင်တွေ အပါအဝင် NLD အစိုးရလက်ထက်က တာဝန်ယူခဲ့သူတွေ အဂတိမှုနဲ့ တရားစွဲဆိုခံနေရတာ ၆ဝ နီးပါးအထိ ရှိနေပါတယ်။
အာဏာသိမ်းကာလအတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် တစ်နိုင်ငံလုံးက NLD ပါတီဝင် ၆၄၉ ယောက် အဖမ်းခံခဲ့ရပြီး တချို့ပြန်လွတ်လာခဲ့ပေမယ့် အဲဒီအထဲက ၄၈၉ ယောက်ကတော့ အခုချိန်ထိ နိုင်ငံတစ်ဝှမ်းက အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထားရဆဲပဲလို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လုပ်ငန်းကော်မတီက ဇန်နဝါရီ ၁ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် NLD ပါတီဝင်ပေါင်း ၇ဝ ကျော်ရဲ့ နေအိမ်တွေကိုလည်း စစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းတာတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။