Dawei Watch သတင်းထောက်နှစ်ဦးနဲ့ ရုံးဝန်ထမ်းတစ်ဦး ပြန်လွတ်

စစ်တပ်ရဲ့ ရှစ်ရက်ကြာ ဖမ်းဆီးခံခဲ့ရတဲ့ Dawei Watch သတင်းဌာနက သတင်းထောက်နှစ်ဦးနဲ့ ရုံးဝန်ထမ်း တစ်ဦးတို့ ပြန်လွတ်လာပါတယ်။

Dawei Watch သတင်းဌာနက သတင်းထောက် ကိုဇော်နဲ့ မမိုးမြင့် တို့ကို တွေ့ရစဉ် Photo: Citizen Journalist

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရှစ်ရက်ကြာ ဖမ်းဆီးခံခဲ့ရတဲ့ Dawei Watch သတင်းဌာနက သတင်းထောက်နှစ်ဦးနဲ့ ရုံးဝန်ထမ်းတစ်ဦးတို့ ပြန်လွတ်လာတယ်လို့ အဲဒီသတင်းဌာနက ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၈ ရက်က သတင်းထောက် ကိုဇော်၊ မမိုးမြင့်နဲ့ ရုံးဝန်ထမ်း ကိုသားကြီး တို့ဟာ ထားဝယ်မြို့မ ရဲစခန်းမှာ အဖမ်းခံထားရပြီး ဇန်နဝါရီ ၂၅ ရက် ဒီနေ့လယ်ပိုင်းက ပြန်လွတ်လာတာလို့ Dawei Watch အယ်ဒီတာတစ်ဦး က RFA ကို ပြောပါတယ်။

"အဓိကက သူတို့ ဘယ်သူတွေနဲ့ ဆက်သွယ်လဲ၊ ဘယ်လို သတင်းရေးသားကြလဲ၊ ဘာတွေအသုံးပြုကြလဲနဲ့ ရုံးပိုင်းကိစ္စတွေကို မေးတယ်လို့ ပြန်ပြောကြတယ်၊ သုံးယောက်စလုံး အရိုက်တော့မခံရဘူး၊ ဒါပေမဲ့ တော်တော်လေး စစ်ဆေး မေးမြန်းတာကို ခံလိုက်ရပုံပဲ"

သူတို့သုံးဦးဟာ ဖမ်းဆီးခံရပြီး ရှစ်ရက်အကြာမှာ ပြန်လွတ်လာပေမယ့် သူတို့ သွားလာ ဆက်သွယ်မှုတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စောင့်ကြည့်တာခံနေရဦးမှာပဲလို့ သူက ဆက်ပြောပါတယ်။

RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း အဖမ်းခံရတဲ့သတင်းသမား ၁၂၅ ဦးရှိပြီး အဲဒီထဲက ၆၇ ဦး ပြန်လွတ်လာ ပေမယ့် သတင်းသမား ၆၀ ကတော့ အကျဉ်းထောင်အသီးသီးမှာ ဆက်လက်ထိန်းသိမ်းခံ ထားရဆဲဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org