ထားဝယ်မြို့ဝင်ဂိတ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံး
လမ်းသွားလမ်းလာတွေကို ဖိနှိပ်တာကြောင့် ဇန်နဝါရီလ ၂၇ ရက်နေ့ညနေက သွားရောက် တိုက်ခိုက်ခဲ့တာလို့ ဒူရကစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက RFA ကို ပြောပါတယ်။
-
RFA Burmese
2025-01-28 -
-
-
တနင်္သာရီတိုင်း ထားဝယ်မြို့အဝင်မှာရှိတဲ့ ကမြောကင်းတံတားစစ်ဆေးရေးဂိတ်ကို ဒူရကစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ခုနစ်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဇန်နဝါရီလ ၂၈ ရက်နေ့က ထုတ်ပြန်ပါတယ်။
လမ်းသွားလမ်းလာတွေကို ဖိနှိပ်တာကြောင့် ဇန်နဝါရီလ ၂၇ ရက်နေ့ညနေက သွားရောက် တိုက်ခိုက်ခဲ့တာလို့ ဒူရကစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက RFA ကို ပြောပါတယ်။
"လမ်းသွားလမ်းလာတွေကို မတရားဖိနှိပ် အတင်းအကျပ် စစ်ဆေးတာရယ်၊ အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေးတာတွေ Smart card မရှိရင် အတင်းလုပ်ခိုင်းတာတွေကြောင့်ပါ၊ ခုနစ်ဦးလောက်သေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရရှိတာတွေ ရှိပါတယ်၊ ပစ်ခတ်မှုဖြစ်ပြီးမကြာဘူး အရေးပေါ်လူနာတင်ယာဉ်တွေ ရောက်လာတယ်လို့ ကြားပါတယ်"
ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ခုနစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့သလို ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိဘူးလို့လည်းဆိုပါတယ်။ သေဆုံးဒဏ်ရာရတာတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ထားဝယ်မြို့ဝင်ဂိတ်တိုက်ခိုက်မှုကို ဒူရကစစ်ကြောင်းဦးဆောင်ပြီး ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DNLA)၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နဲ့ ဖက်ဒရယ်ဓူဝံဒရုန်းတပ်ခွဲ (FPF) တို့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။