ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် လုံခြုံရေးအဖွဲ့ခေါင်းဆောင် ပြန်လွတ်လာ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေး အဖွဲ့ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင်ဟာ မန္တလေးတိုင်း ရမည်းသင်း အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။
-
RFA Burmese
2023-07-04 -
-
-
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေး အဖွဲ့ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင်ဟာ ဇူလိုင်လ ၅ ရက် ဒီနေ့မနက်မှာ မန္တလေးတိုင်း ရမည်းသင်း အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီလို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
ရဲအုပ်ပြည့်ဖြိုးနိုင်ဟာ လွတ်ရက်စေ့ပြီး ပြန်လွတ်လာတာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“လွတ်ရက်စေ့လို့ လွတ်လာတာပါ။ အခုအပြင်ရောက်ပါပြီ၊ ကျန်းမာရေး ကောင်းပါတယ်”
အာဏာသိမ်းပြီးနောက် လအနည်းငယ်ကြာမှာ ဖမ်းဆီးခံရတဲ့ ရဲအုပ်ပြည့်ဖြိုးနိုင်ဟာ ထောင်ဒဏ်သုံးနှစ် ချမှတ်ခံခဲ့ရပေမယ့် ချုပ်ရက်နဲ့ လျှော့ရက် ခံစားခွင့်တွေကြောင့် သုံးနှစ်မပြည့်ခင်မှာပဲ လွတ်ရက်စေ့ပြီး လွတ်မြောက်လာတာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် လုံခြုံရေးယူပေးရတဲ့အထဲမှာ လူသိများတဲ့ ဒုရဲအုပ်ချယ်ရီထက်ကတော့ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က တို့နဲ့ ရမည်းသင်းအကျဉ်းထောင်အတွင်း ထောင်ဒဏ်ငါးနှစ် ကျခံနေရပြီး ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ထပ်လုံခြုံရေးအရာရှိတစ်ဦးဖြစ်တဲ့ နိုင်ငံတော်သမ္မတရုံး သတင်းနဲ့လုံခြုံရေးဆိုင်ရာဌာနကြီး၊ လုံခြုံရေးအရာရှိချုပ်ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးလည်း မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ- ၃ (၁) (ဂ)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က)တွေနဲ့ ရမည်းသင်းအကျဉ်းထောင်မှာ ထောင်ဒဏ် ၁၅ နှစ် ကျခံနေရပါတယ်။
NLD အစိုးရလက်ထက် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဦးမင်းသူ၊ နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုမြို့တော်ဝန် ဦးရဲမင်းဦးတို့လည်း ရမည်းသင်း အကျဉ်းထောင်ထဲမှာပဲ ချုပ်နှောင်ခံထားရပါတယ်။
နေပြည်တော် အပါအဝင် အနီးအနား မြို့နယ်တွေက ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား သုံးရာဝန်းကျင်ဟာ ရမည်းသင်းအကျဉ်းထောင်အတွင်း ဆက်လက်ချုပ်နှောင် ခံထားရဆဲ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇူလိုင်လ ၄ ရက်နေ့ထိ စာရင်းအရ အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းက ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ ပြည်သူ ၁၉၃၁၁ ဦး ဖမ်းဆီးခံထားရပြီး အဲဒီထဲက ၆၆၄၅ ဦး ထောင်ဒဏ်ချမှတ် ခံထားရပါတယ်။