သမ္မတနဲ့ကာချုပ် ဖွဲ့စည်းပုံပြင်ဆင် လိုခြင်းမရှိလို့ ဒေါ်အောင်ဆန်းစု ကြည်ပြောကြား
2014.04.03

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဒီရက်ပိုင်းအ တွင်း ပြောဆိုခဲ့တဲ့စကားတွေကို ထောက်ရှုရင် အဲဒီပုဂ္ဂိုလ် နှစ်ဦးအနေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ဆင်လိုခြင်း မရှိဘူးလို့ သုံးသပ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။
"ဒီပြောဆိုတဲ့စကားတွေကြည့်ရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်ချင်ကြဘူးလို့ပဲ ဒီလိုပဲမြင်ရမှာပေါ့၊ အဲဒီစကားတွေက ပြင်ချင်တဲ့ပုံစံမှ မဖေါ်ပြတာ"
RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းရာမှာ အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့တဲ့ အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို လွှတ်တော်အဆင့်ဆင့် တင်ပြရမှာဖြစ်သလို သတင်းစာတွေကနေ ပြည်သူလူထုကို ထုတ်ပြန်အသိပေးပြီး အကြံဉာဏ်တွေရယူကာ ပြင်ဆင်သင့်တဲ့အချက်တွေကို ပြင်မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။ ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာဖွဲ့စည်းခွင့် ကို အခုမူကြမ်းမှာ ထည့်သွင်းထားခြင်း မရှိတဲ့အတွက် ဝေဖန်နေကြတာနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ ဒါဟာ အမြင်မှားယွင်းမှုဖြစ်ပါတယ် လို့ ဖြေကြားခဲ့ပါတယ်။
" ဒီအမျိုးသားပညာရေး ဥပဒေထဲမှာ ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်လို့ ဘာမှမပါဘူး၊ ဒီဟာက အမျိုးသားပညာရေး ဥပဒေပဲ၊ ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်လို့ကတော့ နောက်အဆင့်မြင့် ပညာရေးဥပဒေတွေမှာ ပါလာမှာပဲ၊ သူ့နေရာကျမှ သူပါလာမှာ"
တဆက်တည်းမှာပဲ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲ အပေါ်သဘောထား၊ လွှတ်တော်အမတ်တွေရဲ့ ခေါင်းပေါင်း ယဉ်ကျေးမှုနဲ့ ယူကရိန်းနိုင်ငံအရေးအခင်း ဆိုင်ရာ သဘောထားတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ပါတယ်။