သင်္ကြန်သီချင်းနှစ်ပုဒ်မှာ ပါဝင်သူတွေ စစ်ကောင်စီတရားစွဲ
အရေးယူခံရတဲ့ တေးသီချင်းနှစ်ပုဒ်ဟာ “စောင့်ပက်” နဲ့ “ စကားလေးတစ်ခွန်းပဲဖြေ ချစ်လား” ခေါင်းစဉ်နဲ့ တေးသီချင်းတွေ ဖြစ်ပါတယ်။
-
RFA Burmese
2024-04-28 -
-
-
[Update: 10: 33 AM, April 29, 2024]
မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တဲ့ သီချင်းစာသားတွေ ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ တေးရေး၊ တေးဆိုနဲ့ သရုပ်ဆောင်တွေကို အီလက်ထရောနစ်ပုဒ်မတွေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဌာနက ဧပြီလ ၂၈ ရက်နေ့မှာ ကြေညာပါတယ်။
အရေးယူခံရတဲ့ တေးသီချင်းနှစ်ပုဒ်ဟာ “စောင့်ပက်” နဲ့ “ စကားလေးတစ်ခွန်းပဲဖြေ ချစ်လား” ခေါင်းစဉ်နဲ့ တေးသီချင်းတွေ ဖြစ်ပါတယ်။
အဲဒီသီချင်းတွေဟာ မြန်မာ့ရိုးရာသင်္ကြန်သီချင်းကို ရုန့်ရင်းကြမ်းတမ်းတဲ့ သီချင်းဖန်တီးမှုဖြစ်ပြီး အရှက်သိက္ခာကင်းမဲ့တဲ့ ဝတ်စားဆင်ယင်မှုတွေနဲ့ ရိုက်ကူးထုတ်လွှင့်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီရဲ့ ဗဟန်းရဲစခန်းကနေ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ - ၃၃ (က) နဲ့ သရုပ်ဆောင်၊ တေးရေး၊ တေးဆိုတွေကို အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။
“စောင့်ပက် ” တေးသီချင်းမှာ တေးသံရှင်ချန်လုံး၊ တေးရေး ညောင်တုန်းဌေးဝင်း၊ ဂီတ သိန်းဝင်းထွန်းနဲ့ အကအဖွဲ့ The Future Dancer Crew တို့ပါဝင်ပါတယ်။
“စကားလေးတစ်ခွန်းပဲဖြေ ချစ်လား ” တေးသီချင်းမှာ တေးသံရှင် Brown၊ သရုပ်ဆောင် Ekary Mon, Pab Yati, Cleo DeNile, Bagan Nyein, Htike Htike, ဂီတမှူး T Boy တို့ပါဝင်တယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တေးသီချင်းမှာ ပါဝင်သူတစ်ဦးကတော့ မြန်မာ့ယဉ်ကျေးမှုကို တမင်တကာ ဆန့်ကျင်ချိုးဖောက်တာမဟုတ်ဘဲ ဖျော်ဖြေမှုသက်သက် တင်ဆက်ခဲ့တာလို့ RFA ကို ပြောပါတယ်။
“အရေးယူလိုက်တယ်ဆိုတော့ သိပြီးပါပြီ။ ဒါက တမင်ရည်ရွက်ချက်ရှိရှိ လုပ်တာလည်းမဟုတ်ပါဘူး။ ဒီကိစ္စကို ဖြေရှင်းနိုင်ဖို့လည်း ကြိုးစားနေပါတယ်။ သီချင်းတင်ပြီး ဝေဖန်မှုတွေရှိလို့ ပြန်ဖြုတ်လိုက်တာလည်းကြာပါပြီ”
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ - ၃၃ (က) ဟာ အနည်းဆုံး ထောင်ဒဏ်ခုနစ်နှစ်ကနေ အများဆုံးထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရမယ့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ ဥပဒေပြဋ္ဌာန်းချက်မှာ ဖော်ပြထားပါတယ်။
သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ မော်ဒယ် နန်းမွေစံတို့လည်း အဲဒီပုဒ်တွေနဲ့ပဲ ထောင်ကျခံနေရပါတယ်။
ဧပြီလ ၅ ရက်နေ့ကလည်း ဘီယာဗိုက်လို့ အမည်ရတဲ့ တေးသီချင်းနဲ့ပတ်သက်လို့ အဆိုတော်၊ သရုပ်ဆောင်နဲ့ သက်ဆိုင်သူတွေ ဗဟန်းရဲစခန်းမှာပဲ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ - ၃၃ (က)နဲ့ အရေးယူခံထားရပါတယ်။
စစ်ကောင်စီဟာ အရင်စစ်အစိုးရလက်ထက် ၁၉၉၆ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ ရုပ်မြင်သံကြားနဲ့ ဗီဒီယိုဥပဒေတွေကို ပြန်လည်အသုံးပြုပြီး အရေးယူနေတာ ဖြစ်ပါတယ်။