SSPP နယ်မြေမှာ လူငါးသိန်းကို ကိုဗစ်ကာကွယ်ဆေးထိုးဖို့ မျှော်မှန်းထား

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့က သူတို့ ထိန်းချုပ်နယ်မြေမှာ လူဦးရေ ငါးသိန်းအထိကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ် ဆေးထိုးဖို့ မျှော်မှန်းထားတယ်လို့ SSPP ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးစိုင်းဘုန်းဟန် က RFA ကို ဒီနေ့ပြောပါတယ်။

ရှမ်းပြည်တပ်မတော် SSPP/SSA နယ်မြေမှာ ကိုဗစ်ကာကွယ်ရေး လုပ်ဆောင်နေတာကို တွေ့ရစဥ် Photo: SSPP/SSA

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့က သူတို့ထိန်းချုပ်နယ်မြေမှာ လူဦးရေ ငါးသိန်းအထိကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးထိုးဖို့ မျှော်မှန်းထားတယ်လို့ SSPP ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးစိုင်းဘုန်းဟန် က RFA ကို ဒီနေ့ပြောပါတယ်။

ကာကွယ်ဆေးကို တရုတ်ကနေမှာယူမှာဖြစ်ပြီး Recombinant COVIDE-19 Vaccine (Adenovirus Type 5 Vector) အမျိုးစား ကာကွယ်ဆေးဖြစ်တယ်လို့ဆိုပါတယ်။ ဒီဆေးဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အသိ အမှတ်ပြုထားတဲ့ ကာကွယ်ဆေးတွေထဲမှာ ပါဝင်တာကိုတော့ မတွေ့ရပါဘူး။

လက်ရှိမှာတော့ ဝမ်ဟိုင်းဌာနချုပ်က အသက်ကြီးသူတွေနဲ့ SSPP အရာရှိပိုင်းတွေ အပါအဝင် လူဦးရေ တစ်ထောင်ကျော်ကို ကာကွယ်ဆေးထိုးပြီးဖြစ်တယ်လို့ ဗိုလ်မှူးစိုင်းဘုန်းဟန်က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးအတွက် သူတို့ထိန်းချုပ်နယ်မြေ အဝင်အထွက်ကို ကန့်သတ်ထားပြီး ကျေးရွာတွေမှာ ကိုဗစ်ကာကွယ်ရေး အသိပညာပေးတာတွေကို လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

ဒေသအတွင်း အောက်ဆီဂျင်ပြဿနာဖြေရှင်းရေးအတွက်ကိုတော့ ထိုင်းနိုင်ငံကနေ အောက်ဆီဂျင်နဲ့ ဆက်စပ် ပစ္စည်းတွေကို မှာယူထားပြီး အောက်ဆီဂျင်လိုအပ်တဲ့ နီးစပ်ရာမြို့နယ်တွေကိုပါ လှူဒါန်းမှာဖြစ်တယ်လို့ ဗိုလ်မှူး စိုင်းဘုန်းဟန် က ပြောပါတယ်။

၀ ဦးဆောင်တဲ့ FPNCC အဖွဲ့မှာပါဝင်တဲ့ SSPP တပ်ဖွဲ့ဟာ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ်ဟိုင်းမှာ ဌာနချုပ်တည်ရှိပြီး ရှမ်းပြည်မြောက်ပိုင်းနဲ့တောင်ပိုင်း အစပ်မြို့နယ်တွေမှာ လှုပ်ရှားတာဖြစ်ပါတယ်။

စစ်အင်အား တစ်သောင်းကျော်ရှိတဲ့ SSPP/SSA တပ်ဖွဲ့ဟာ အစိုးရနဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်စာချုပ်မှာ လက်မှတ်ရေးထိုးထားပေမယ့် အားလုံးပါဝင်ရေမူအရဆိုပြီး တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု စာချုပ် NCA မှာတော့ လက်မှတ်ရေးထိုးထားတာမရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org