ဆရာမ နှင်းနုကို စစ်ဆေးဖို့ လျှောက်ထားချက် ခရိုင်ဥပဒေရုံး လက်မခံ
Victoria လို့ အမည်ပေးထားတဲ့ ကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့အမှုအတွက် ဆရာမနှင်းနုကို နောက်တိုး သံသယတရားခံအဖြစ် စစ်ဆေးဖို့ တရားလို မိခင် လျှောက်ထားချက်ဟာ ဥပဒေနဲ့ မညီဘူးဆိုပြီး ခရိုင်ဥပဒေရုံးက ဆုံးဖြတ်လိုက်ပါတယ်။
-
2019-08-01 -
-
-
Victoria လို့ အမည်ပေးထားတဲ့ ကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့အမှုအတွက် ဆရာမနှင်းနုကို နောက်တိုး သံသယတရားခံအဖြစ် စစ်ဆေးဖို့ တရားလို မိခင် လျှောက်ထားချက်ဟာ ဥပဒေနဲ့ မညီဘူးဆိုပြီး ခရိုင်ဥပဒေရုံးက ဆုံးဖြတ်လိုက်ပါတယ်။
ပြစ်မှုကျူးလွန်ကြောင်း သိလျက်နဲ့ သတင်းပေးဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ဆရာမနှင်းနုကို နောက်တိုး သံသယ တရားခံအဖြစ် စစ်ဆေးပေးဖို့ဆိုပြီး လျှောက်ထားချက်ဟာ ဥပဒေနဲ့ မညီညွတ်ဘူးဆိုတဲ့ သဘောထားမှတ်ချက်ကို ဥပဒေရုံးဘက်က ပေးလိုက်တာဖြစ်ပါတယ်။
ဆရာမနှင်းနုကို တရားခံအဖြစ် ပါစေချင်တယ်ဆိုရင်တော့ ဒီအမှုထဲမှာ မဟုတ်ဘဲ နောက်ထပ်တစ်မှုနဲ့ အမှုဖွင့်နိုင် တယ်လို့ ပြောကြောင်း တရားလိုဘက်က လိုက်ပါဆောင်ရွက်တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောပါတယ်။
ဆရာမ နှင်းနုကို တရားခံအဖြစ် စစ်ဆေးပေးဖို့နဲ့ အမှုဖြစ်ပွားခဲ့တဲ့ အဲဒီ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းကို တရားသူကြီးတွေ သွားရောက်စစ်ဆေးပေးဖို့ တရားလိုဖြစ်တဲ့ ကလေးငယ်ရဲ့ မိခင်ဖြစ်သူက ပြီးခဲ့တဲ့ ဒုတိယမြောက် ရုံးချိန်းမှာ လျှောက်ထားခဲ့တာကို ပယ်ချခံရတာဖြစ်ပါတယ်။
ဆရာမ နှင်းနုအနေနဲ့ နောက်တိုး သံသယ တရားခံအဖြစ် စစ်ဆေးခံရမှာ မဟုတ်ပေမယ့် တရားလိုပြသက်သေ ၂၆ ဦးထဲမှာတော့ တစ်ဦးအဖြစ် ရုံးတော်မှာ ထွက်ဆိုရမှာဖြစ်ပါတယ်။
တရားလိုဖြစ်သူ Victoria ရဲ့ မိခင်ကတော့ သူမရဲ့သမီး အိမ်နဲ့ ရဲစခန်းမှာ ပြောကြားချက်အရ လိင်အကြမ်းဖက်မှု ကျူးလွန်ခံခဲ့ရတာဟာ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းမှာပဲဖြစ်သလို ကိုကိုလုပ်တာဆိုပြီး အင်္ဂလိပ်လို Two ၊ မြန်မာလို့ နှစ်လို့ ဆိုပြီး လက်ချောင်း ထောင်ပြခဲ့တယ်လို့ ဒီနေ့ တရားရုံးထဲမှာ ထပ်မံထွက်ဆိုခဲ့ပါတယ်။ အဲင်္ဒီ အကြောင်း ဆရာမ နှင်းနု သိတယ်လို့ သမီးဖြစ်သူက ပြောတယ်လို့လည်း ထွက်ဆိုပါတယ်။
Wisdom Hill မူကြိုကျောင်းက ယာဉ်မောင်း အောင်ကြီး (ခေါ်) ကိုအောင်ကျော်မျိုး ကို မုဒိမ်းမှု ပုဒ်မ ၃၇၆ နဲ့ တရားစွဲဆို စွပ်စွဲထားတာဖြစ်ပါတယ်။
ကိုအောင်ကျော်မျိုးရဲ့ မိခင်ဖြစ်သူ ဒေါ်ရီကတော့ ပထမတစ်ကြိမ်တုန်းကလည်း သားဖြစ်သူကို တရားခံမဟုတ် တဲ့အတွက် တရားရုံးက ပြန်လွှတ်ပေးခဲ့သလို ခုလည်း အဲဒီလို မျှော်လင့်တယ်လို့ ပြောပါတယ်။
ဒီအမှုကို လာမယ့် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ တရားလိုပြ သက်သေ ၂၆ ဦးလုံးကို အပြီးသတ်စစ်ဆေးသွားမယ်လို့ သိရပါတယ်။
(RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့သည်)