ကလေးစစ်သား ဝန်းရံသူတွေ ထောင်ဒဏ်ချခံရ

ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး လွတ်မြောက်ရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ကိုအောင်ကို ထွေးရဲ့ အစ်မဖြစ်သူ မနေဇာထွန်းကို ထောင်ဒဏ် ၁ နှစ်နဲ့ ဝန်းရံသူ နှစ်ဦးကို ၁ နှစ်ခွဲစီ ဒီနေ့ ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်

မနေဇာထွန်း တို့ကို ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးမှာ ၂၀၁၉ ဒီဇင်ဘာ ၂၄ ရက်နေ့ က ‌‌ရုံးထုတ်လာစဉ် Photo: ဝေမာထွန်း/ RFA

ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး လွတ်မြောက်ရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ကိုအောင်ကို ထွေးရဲ့ အစ်မဖြစ်သူ မနေဇာထွန်းကို ထောင်ဒဏ် ၁ နှစ်နဲ့ ဝန်းရံသူ  နှစ်ဦးကို ၁ နှစ်ခွဲစီ  ဒီနေ့ ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။

ဒီနေ့ တရားရုံးချိန်မှာ မနေဇာထွန်းအပါအဝင် မခင်ချိုနိုင်နဲ့ ကိုဇော်ကြီးတို့ကို သတင်းမီဒီယာ တွေနဲ့ စကားပြောဆိုခွင့် မရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တရားရုံးအတွင်း ရဲအရာရှိတွေ ရဲဝန်ထမ်းတွေနဲ့ အခြေအတင် စကားများခဲ့ကြပါတယ်။

မနေဇာထွန်းဟာ ၂၀၁၈ ခုနှစ်က မောင်ဖြစ်သူ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး ပြန်လည် လွတ်မြောက်ရေးအတွက် ဆန္ဒပြမှုကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၅၃  ရုန်းရင်း ဆန်ခတ်မှုဖြစ်စေရန် သဘောနဲ့ကြံရွယ်ပြီး ရန်စမှုပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရတာပါ။

မနေဇာထွန်းနဲ့ အတူကိုဇော်ကြီး၊ မခင်ချိုနိုင်တို့ဟာလည်း ကိုအောင်ကိုထွေး အမှုကိစ္စနဲ့အတူ နိုင်ငံတော် အကြည်အညိုပျက်စေမှု၊ ရုန်းရင်ဆန်ခတ်မှုဖြစ်စေရန် သဘောနဲ့ကြံရွယ်မှုအပြင်  နိုင်ငံတော် အထိမ်းအမှတ် တံဆိပ် ဥပဒေပုဒ်မ ၇ နဲ့ တရားလိုဖြစ်တဲ့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ရဲမှူးချုပ် မောင်မောင်က တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

မခင်ချိုနိုင်ရဲ့ အမျိုးသားဖြစ်သူ ကိုအောင်ကျော် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊  ပုဒ်မ ၁၅၃ ရုန်းရင်း ဆန်ခတ်မှုဖြစ်စေရန် သဘောနဲ့ကြံရွယ်ပြီး ရန်စမှုပုဒ်မတွေနဲ့ အမိန့်ချမှတ်တဲ့ အပေါ် ဘာမှ မပြောလိုပေမယ့် နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် ဥပဒေပုဒ်မ ၇ နဲ့ အမိန့်ချမှတ်တဲ့  အပေါ် ကျေနပ်မှု မရှိဘူးလို့ ပြောပါတယ်။

တရားရုံးထုတ်ရောက်လာသူတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖျက်သိမ်းရေး၊ ရဲဝန်ထမ်းတွေ  အနေနဲ့ ငွေရှိသူ၊ အာဏာရှိသူတွေအပေါ်မှာသာ တရားဥပဒေစိုးမိုးကြောင်း ပြည်သူအပေါ်မှာ စေတနာမရှိကြောင်း စတာတွေကို ကြွေးကြော်ခဲ့ကြပါတယ်။

အမိန့်ချမှတ်အပြီးမှာ မနေဇာထွန်းက ကိုအောင်ကိုထွေး ကလေးသူငယ်အခွင့်အရေး၊ လူ့အခွင့်အရေး  ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး တိုင်ကြားစရာ နေရာမရှိခဲ့ဘူးလို့ ပြောပါတယ်။ မခင်ချိုနိုင်ကတော့ တရားရေး မဏ္ဍိုင်ကို ဖြောင့်မတ်မှန်ကန်စေချင်ကြောင်း ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကတော့ လူ့အဖွဲ့အစည်းရဲ့ တည်ငြိမ်အေးချမ်းသာယာရေးကို ဖျက်ဆီးစေတာမဟုတ်ဘဲ ဆန္ဒပြရုံလောက်နဲ့ ခုလိုအပြစ်ပေးတာကတော့ တရားစီရင်ရေး မှာ ပြောစရာ ဖြစ်တယ်လို့ သုံးသပ်ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ရဲမှူးချုပ်မောင်မောင်ဟာ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ကနေ ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။ ကလေးစစ်သားဟောင်း ဖြစ်တဲ့ကိုအောင်ကိုထွေးကတော့ လက်ရှိအချိန်မှာ  လွတ်ရက်စေ့ သွားပြီဖြစ်တဲ့အတွက် လွတ်မြောက်သွားပြီ ဖြစ်ပါတယ်။

ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးရဲ့ အစ်မဖြစ်သူ မနေဇာထွန်းဟာလည်း အစာအိမ်ရောဂါရှိတဲ့အတွက် ကျန်းမာရေးအခြေအနေ မကောင်းဖြစ်နေပြီး တခါတရံ သွေးအန်တဲ့ထိ  ကျန်းမာရေး အခြေအနေ ဆိုးရွားကြောင်း မိသားစုထံက သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org