အခမဲ့ဝေခဲ့တဲ့ ဆိုလာပြား အတွက် ငွေပြန်လည်ကောက်ခံ
မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် က ကျေးရွာ ၂ ရွာမှာ ရွေးကောက်ပွဲ မတိုင် ခင်က ကျေးရွာမီးလင်းရေးဆိုပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက အခမဲ့ဝေပေးခဲ့တဲ့ နေရောင်ခြည်သုံး ဆိုလာပြားတွေအတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစ ပြီး ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံတောင်သူတွေက ဒီနေ့ ပြောပါတယ်။
-
2016-06-01 -
-
-
မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်က ကျေးရွာ ၂ ရွာမှာ ရွေးကောက်ပွဲမတိုင်ခင်က ကျေးရွာ မီးလင်းရေး ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အခမဲ့ဝေပေးခဲ့တဲ့ နေရောင်ခြည်သုံး ဆိုလာပြား တွေအတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံတောင်သူတွေက ဒီနေ့ ပြောပါတယ်။
မန္တလေးမြို့က ၈၈ ကဖေးမှာ တောင်သူ ၆ဦးက သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ မှာ တောင်သူတွေရရှိမယ့် စိုက်ပျိုးစရိတ် ချေးငွေထဲကနေ ဆိုလာပြားဖိုးတွေကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေ က ဖြတ်ယူခဲ့တာဖြစ်ကြောင်း တောင်သူ ဦးဟန်ထွန်းက ပြောပါတယ်။
"စိုက်ဘဏ်ချေးငွေက ကျနော်တို့တောင်သူတွေက အကုန်လုံးလက်မှတ်တွေထိုး စာချုပ်တွေဘာတွေ လုပ်ပြီးတဲ့ အချိန်မှာ သူတို့က ဘဏ်ရုံးထဲမှာလာပြီးတော့ ရဲတွေနဲ့ စာရေးတွေနဲ့ အားလုံးထိုင်ပြီးတော့ တောင်သူတွေရဲ့ငွေ ကို လက်ထဲမရောက်ဘဲနဲ့ သူတို့က အကုန်သိမ်းဆည်းသွားတယ်၊ ပေးကိုမပေးချင်တော့ဘူး ကျနော်တို့က ဆိုလာပြားဖိုးကို၊ ဟိုတစ်ချိန်ကလည်း အလကားပုံစံလုပ်သွားတာ"
၂၀၁၄ ခုနှစ် မေလက ကျောက်ဆည်မြို့နယ် တံတားဦးကုန်း ကျေးရွာနဲ့ ကျောက်ဆောက် ကုန်းကျေးရွာ က နေအိမ် ၁၀၀ ကျော်ကို ကျေးလက်မီးလင်းရေးအတွက် ဆိုပြီး ကျေးရွာအုပ်ချုပ် ရေးမှူးတွေက အခမဲ့လိုက်လံတပ်ဆင်ပေးခဲ့ တာဖြစ်တယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ ဆိုလာပြားဖိုး ကောက်ယူခဲ့တာမရှိဘဲ ဒီနှစ် ဖေဖော်ဝါရီလမှာ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးစဉ် မှာ တောင်သူ ၈၀ ကျော်ရဲ့ ချေးငွေတွေထဲကနေ ဆိုလာပြားဖိုးဆိုပြီး ဖြတ်တောက် ယူခဲ့တာဖြစ်တယ်လို့ လည်း ပြောပါတယ်။
တပ်ဆင်ပေးခဲ့တဲ့ ဆိုလာပြား၊ ဘက်ထရီ၊ အင်ဗယ်တာ အပါအဝင် ဆက်စပ်ပစ္စည်းတွေရဲ့ တန်ဖိုးငွေအတွက် ငွေ ကျပ် ၂ သိန်းကနေ ၇ သိန်းအထိ ကုန်ကျတယ်လို့ တွက်ချက်ပြီး တောင်သူတွေဆီက တစ်သိန်း၊ ၂ သိန်း စ သဖြင့် ဖြတ်ယူခဲ့ကြတာဖြစ်ပါတယ်။
ဒါ့အပြင် ကျန်တဲ့ငွေကို မပေးလို့ဆိုပြီး တောင်သူ ၆ ဦးကိုလည်း ငွေကြေးရယူလိုမှုနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက တရားစွဲဆိုထားပါတယ်။