အိန္ဒိယမှာ မြန်မာအမျိုးသမီးကြီး ၆ ဦး ဆိုလာနည်းပညာ သွားရောက် သင်ယူမည်
2013.03.14

မြို့ပြနဲ့ ဝေးလံခေါင်သီတဲ့ နေရာဒေသတွေ မှာ နေထိုင်တဲ့ မြန်မာနိုင်ငံက အမျိုးသမီးကြီး ၆ ဦးဟာ နေစွမ်းအင်ကနေ လျှပ်စစ်ဓါတ်အားထုတ်ယူရေး ဆိုလာလျှပ်စစ်နည်းပညာ သင်ယူနိုင်ဖို့အတွက် မနက်ဖြန်မှာ အိန္ဒိယနိုင်ငံကို စတင်ထွက်ခွာမယ်လို့ ရန်ကုန်မြို့၊ လှိုင်မြို့နယ် ပြည်လမ်းမပေါ်မှာ ရှိတဲ့ မြန်မာနိုင်ငံ လူ့အခွင့် အရေး ကော်မရှင်ရုံးမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ၊ တီလိုနီယား (Tilonia) မြို့က ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Barefoot College က ဆိုလာ လျှပ်စစ် အင်ဂျီနီယာသင်တန်း တက်ရောက်ဖို့ ပထမဆုံးအကြိမ် မြန်မာနိုင်ငံ က စေလွှတ်မယ့် အမျိုးသမီးကြီး (၆) ဦးကို ပဲခူးတိုင်း ထုံးနောင်ကျေးရွာနဲ့ မွန်ပြည်နယ် ချောင်းဆောက် ရွာသစ် ကျေးရွာတွေက အမျိုးသမီး တွေကို ရွေးချယ်ခဲ့ပါတယ်။
ရွေးချယ်ခံရသူတွေ ဟာ Barefoot College မှာ ၆ လကြာ ပညာသင်ယူမှာဖြစ်ပြီး သက်ဆိုင်ရာ ကျေးရွာတွေမှာ အမေရိကန်ဘဏ်က လှူဒါန်းတဲ့ နေရောင်ခြည်သုံး လျှပ်စစ်ပစ္စည်းတွေကို တပ်ဆင်ပေးသွားမှာဖြစ်ကြောင်း မြန်မာ့ ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်အဖွဲ့အစည်းက ဒေါ်ကြိုင်ကြိုင်စိန်က ပြောပါတယ်။
Barefoot College ဟာ အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိကနဲ့ တောင်အမေရိက ဒေသတွေက စာပေအားနည်းပြီး အသက်အရွယ်ကြီးရင့်တဲ့ အမျိုးသမီးကြီးတွေကို ဆိုလာလျှပ်စစ် အင်ဂျင်နီယာပညာ နှစ်ပေါင်း (၂၀) ကျော် ပို့ချနေတဲ့ သင်ကြားပို့ချနေတဲ့ ကျောင်းတစ်ခုဖြစ်ပါတယ်။
ဒီပညာတော်သင်ကိစ္စ သတင်းစာရှင်းလင်းပွဲကို အမျိုးသမီးအခွင့်အရေး လှုပ်ရှားနေတဲ့ ဒေါ်ဆူဇနာလှလှစိုး၊ နှစ်ချင်းခရစ်ယာန်အသင်းတော်များ အဖွဲ့ချုပ်က ဦးအောင်မိုးကျော်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။