တွင်းပိသေသူတွေအတွက် ကျောက်မီးသွေးကုမ္ပဏီ လျော်ကြေးပေး

ကျောက်မီးသွေးတွင်းပြိုကျလို့ အသက်ဆုံးရှုံးခဲ့တဲ့ တွင်းတူးလုပ်သား လေးဦးတို့အတွက် ကုမ္ပဏီ ကနေ အလုပ်သမားဥပဒေအရ လျော်ကြေးအပြင် မိသားစုအတွက် ထောက်ပံ့ကြေးများကို မနေ့က ပေးအပ်ခဲ့ပါတယ်။

၂ဝ၁၉ သြဂုတ် ၂၅ ရက်နေ့က ပြိုကျခဲ့တဲ့ မင်းလှမြို့နယ် အင်ကြင်းတောင်က ကျောက်မီးသွေးတွင်းကို တွေ့ရစဉ် ဓါတ်ပုံ - ဇော်တူး/ RFA

ကျောက်မီးသွေးတွင်းပြိုကျလို့ အသက်ဆုံးရှုံးခဲ့တဲ့ တွင်းတူးလုပ်သား လေးဦးတို့အတွက် ကုမ္ပဏီကနေ အလုပ်သမား ဥပဒေအရ လျော်ကြေးအပြင် မိသားစုအတွက် ထောက်ပံ့ကြေးများကို မနေ့က ပေးအပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၅ ရက်နေ့က အင်ကြင်းတောင်ကျောက်မီးသွေးတွင်းပြိုကျရာမှာ အသက်သေဆုံးခဲ့ရတဲ့ လုပ်သားလေးဦးအတွက် တစ်ဦးကို ကျပ်သိန်း ၇၀ နှုန်းနဲ့   ကျန်ရစ်သူမိသားစုတွေကို မင်းလှမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခန်းမမှာ ‌ပေးအပ်ခဲ့တယ်လို့ ကုမ္ပဏီမန်နေဂျာ ကိုသဲသဲစံမြတ် က RFA ကို ပြောပါတယ်။

ဒါ့အပြင် အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့အတိုင်း အလုပ်သမားထိခိုက်နစ်နာမှုလျော်ကြေးအဖြစ် တစ်ဦးကို လေးသိန်းခွဲစီ တစ်ပါတည်း လေးဦးစလုံးအတွက် ပေးအပ်ခဲ့တယ်လို့ပြောပါတယ်။

အမ်းမြို့နယ်က သေဆုံးသူ ကိုပိုင်စိုးဝင်းအတွက်ကိုတော့ ဇနီးဖြစ်သူရောက်ရှိလာတဲ့အချိန်မှ သက်ဆိုင်ရာလူကြီး များရှေ့မှောက်မှာ ဆက်လက်ပေးအပ်သွားမယ်လို့ သိရပါတယ်။

ဒီကျောက်မီးသွေးတွင်းပြိုကျမှုမှာ မင်းလှမြို့နယ်က ကိုစိုးအောင်နဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က ကိုပိုင်စိုးဝင်းတို့ရဲ့ ရုပ်အလောင်းတွေကို ထုတ်ယူနိုင်ခဲ့ပေမယ့် မင်းလှ မြို့နယ်က ကိုနိုင်ထက်ဦးနဲ့ ကိုအောင်ချမ်းသာတို့ရဲ့ ရုပ်အလောင်းတွေ ရှာဖွေဖို့ကိုတော့ လုပ်ငန်းခွင်အန္တရာယ်ရှိနေတာကြောင့် မနေ့ကစပြီးရပ်ဆိုင်းထားရတယ်လို့ မကွေးတိုင်းသတ္တုတွင်း ဦးစီးဌာနက ဒုညွှန်ကြားရေးမှူး ဦးဇော်ဇော်လင်းက ပြောပါတယ်။

မကွေးတိုင်းအတွင်းမှာ ကျောက်မီးသွေးတွင်း လုပ်ကွက်ပေါင်း ၃၁ ကွက်ကို ကုမ္ပဏီ ၂၄ ခုက လုပ်ကိုင်နေတာပါ။ ၂ဝ၁၅ ခုနှစ်ကစလို့ လုပ်ငန်းခွင်အတွင်း အန္တရာယ်ဖြစ်မှု ငါးခုရှိခဲ့ပြီး တွင်းလုပ်သား ၁၈ ဦးထက်မနည်း သေဆုံးခဲ့ ရပါတယ်။

(RFA သတင်းထောက် ကိုဇော်တူး ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org