မြန်မာအစိုးရ ကြိုက်ရာလမ်းရွေးဖို့ ဟီလာရီ် ပြောဆို

လက်ရှိ မြန်မာအစိုးရ အနေနဲ့ အရပ်သားအစိုးရ အစစ်အမှန် ဖြစ်အောင် လုပ်မှာလား၊ ဒါမှမဟုတ် ဒီမိုကရေစီ အရေခြုံ စစ်အစိုးရ ဆိုတဲ့ လမ်းဟောင်းအတိုင်း လိုက်မှာလား ဆိုတာ ပြတ်ပြတ်သားသား ရွေးချယ်ဆုံးဖြတ်ဖို့အတွက် လမ်းဆုံလမ်းခွကို ရောက်ရှိနေပါပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဒီကနေ့ ပြောလိုက်ပါတယ်။

၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်သည့် အမေရိကန်- အာစီယံ ဝန်ကြီးအဆင့် အစည်းအဝေးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို တွေ့ရစဉ်။ (State Dept Image) State Dept Image

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာပြုလုပ်တဲ့ အာစီယံဒေသဆိုင်ရာ လုံခြုံရေးအစည်းအဝေးမှာ သူက အခုလို ပြောလိုက်တာပါ။ အရပ်သားအစိုးရ လမ်းကြောင်းကို တကယ် ပြောင်းလဲချင်တယ်ဆိုရင်တော့ နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးပြီး သက်ဆိုင်ရာ နိုင်ငံရေးအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ရမှာဖြစ်တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒါ့ပြင် မြန်မာအာဏာပိုင်တွေအနေနဲ့ ကုလသမဂ္ဂ နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ သဘောတူညီချက်တွေကို လေးစားလိုက်နာဖို့ လိုကြောင်းလည်း မစ္စက်ကလင်တန်ကပြောပါတယ်။

အာစီယံအတွင်းရေးမှူးချုပ် မစ္စတာဆူရင်းပစ်ဆူဝမ်က အခုသီတင်းပတ်အစောပိုင်းက ပြောရာမှာ- မြန်မာအနေနဲ့ ၂ဝ၁၄ ခုနှစ် အာစီယံ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူဖို့ အဆင်သင့်ဖြစ်မဖြစ် လေ့လာ အကဲခတ်ဖို့အတွက် အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ၂ ဦး မြန်မာနိုင်ငံကို အခုနှစ်အတွင်း သွားရောက်မယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီကိစ္စကို ရှေ့လာမယ့်နှစ် အာစီယံထိပ်သီးဆွေးနွေးပွဲ ကျင်းပတဲ့အချိန်အထိ ဆုံးဖြတ်ချက် တစုံတရာ ချမှတ်နိုင်ဖို့ အလားအလာ မရှိဘူးလို့လည်း မစ္စတာဆူရင်းက AFP သတင်းဌာနကို ပြောဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org