လူ့အခွင့်အရေးကော်မရှင်မှာ အရပ်ဖက်ကိုယ်စားလှယ် တိုးမြှင့်ဖွဲ့စည်ရေးတင်ပြ
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ထဲမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ပိုပြီးပါဝင်ခွင့်ရရှိဖို့ လူ့အခွင့်အရေးအဖွဲ့ ကိုယ်စားလှယ်တွေ နေပြည်တော်က လွှတ်တော်ကိုယ်စားလှယ်တွေထံ မနေ့က သွားရောက်တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။
-
2013-10-16 -
-
-
Your browser doesn’t support HTML5 audio
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ထဲမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ပိုပြီးပါဝင်ခွင့်ရရှိဖို့ လူ့အခွင့်အရေးအဖွဲ့ ကိုယ်စားလှယ်တွေ နေပြည်တော်က လွှတ်တော်ကိုယ်စားလှယ်တွေထံ မနေ့က သွားရောက်တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေမူကြမ်းအရ ကော်မရှင်ဖွဲ့စည်းရာမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ပိုပြီးထည့်သွင်းပါဝင်ခွင့်ရရေးအတွက် ဆွေးနွေးတင်ပြခဲ့တာလို့ New Myanmar Foundation ဒုတိယဥက္ကဌ မနန္ဒာက ပြောပါတယ်။
“ဒီလူ့အခွင့်အရေးကော်မရှင် ဖွဲ့မယ်ဆိုလို့ရှိရင် အရပ်ဖက်အဖွဲ့အစည်းတွေက နှစ်ဦးလောက်တော့ ပါသင့်တယ်ပေါ့နော်၊ အရင်တုန်းကကျတော့ အရပ်ဖက်အဖွဲ့အစည်းကို တစ်ဦးပဲထည့်ထားတယ်၊ အဲဒီထည့်ထားတဲ့ တစ်ဦးဆိုတာကလည်း ဥပဒေထဲမှာရေးထားတာက မှတ်ပုံတင်ရရှိထားသော NGO ပေါ့နော်၊ ကျမတို့ဘက်ကကျတော့ မှတ်ပုံတင်ရတာ မရတာထက်ကို အရပ်ဖက်အဖွဲ့အစည်းတွေက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်ကို ကျမတို့ကထည့်ပေးချင်တာပေါ့၊ အဲ့ထဲမှာမှ လွှတ်တော်အမတ် နှစ်ဦးကို ထည့်ပေးဖို့တွေ၊ အဲဒါတွေကို ဆွေးနွေးကြတာပါ”
လွှတ်တော်မှာ ဆွေးနွေးဖို့ရေးဆွဲတဲ့ လူ့အခွင့်အရေးဥပဒေမူကြမ်းထဲမှာ လူ့အခွင့်အရေးကော်မရှင်ကို နိုင်ငံတော်သမ္မတ၊ တရားသူကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်၊ အရပ်ဘက် လူမှုအဖွဲ့အစည်း၊ လွှတ်တော်ကိုယ်စားလှယ်စတဲ့ အဖွဲ့ဝင် ၉ဦးကနေ ၁၅ဦးထိ ဖွဲ့စည်းခွင့်ရှိတယ်လို့ ပြဌာန်းထားပြီး၊ မှတ်ပုံတင်ထားတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းကိုယ်စားပြု ကိုယ်စားလှယ်တစ်ဦးပဲ ကိုယ်စားပြုခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။
ဒ့ါအပြင် နိုင်ငံတကာက ပြဌာန်းထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ သဘောတူညီချက်တွေကိုလည်း အခုလွှတ်တော်မှာဆွေးနွေးမယ့် ဥပဒေမူကြမ်းမှာ ထည့်သွင်းရေးဆွဲပေးဖို့လိုအပ်ကြောင်း၊ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေဟာလည်း တိကျဖို့လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေထံ တင်ပြခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့အခြေစိုက် Equality Myanmar အဖွဲ့က ဦးဆောင်ပြီး New Myanmar Foundation၊ Colour Rainbow၊ မြန်မာနိုင်ငံရှေ့နေများကွန်ယက်စတဲ့ လူမှုအဖွဲ့အစည်း ၉ဖွဲ့က ကိုယ်စားလှယ် ၁၀ဦးဟာ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၊ နိုင်ငံသားများရဲ့ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာကော်မတီ အဖွဲ့ဝင်တွေနဲ့ မနေ့က တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။
အဲဒီ လူ့အခွင့်အရေးကော်မရှင် ဥပဒေမူကြမ်းကို မကြာခင် ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးမယ်လို့ သိရပါတယ်။
ဒီအတောအတွင်း မြန်မာနိုင်ငံက ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းတွေမှာ လက်ရှိအချိန်ထိ ဥပဒေပြဌာန်းထားတာ မရှိတဲ့အတွက် အဲဒီလုပ်ငန်းတွေအတွက် ဥပဒေပြဌာန်းပေးဖို့ မနေ့က အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် မဇင်မာဝင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။