မြန်မာ့အရေး ဝင်မစွက်ကြောင်း တရုတ်ပြောဆို

2022.07.26
မြန်မာ့အရေး ဝင်မစွက်ကြောင်း တရုတ်ပြောဆို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Zhao Lijian
AFP

မြန်မာ့ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူလေးဦးကို စစ်ကောင်စီက ကွပ်မျက်ခဲ့တဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေမှုအပေါ် တရုတ်အစိုးရ ဝေဖန်ခံခဲ့ရပြီးနောက် “တရုတ်နိုင်ငံအနေနဲ့ ပြည်တွင်းရေး ဝင်မစွက်ရမူဝါဒ” ကို ကိုင်စွဲထားတယ်လို့ တုံ့ပြန်လိုက်ပါတယ်။

“တရုတ်နိုင်ငံဟာ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးတွေမှာ ဝင်ရောက်မစွက်ဖက်ရေး မူဝါဒကို ကိုင်စွဲထားပါတယ်” လို့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Zhao Lijian က ပြောဆိုခဲ့တာပါ။

မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေဖြစ်ကြတဲ့ ဦးကျော်မင်းယု (ခေါ်) ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ လေးဦးကို ပြီးခဲ့တဲ့သီတင်းပတ်ကုန်မှာ ကွပ်မျက်ခဲ့မှုအပေါ် တရုတ်နိုင်ငံအနေနဲ့ သြဇာအရှိန်အဝါသုံးဖို့ အမေရိကန်က တိုက်တွန်းခဲ့တာကြောင့် ဒါကို တရုတ်အစိုးရက တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ Zhao Lijian က မြန်မာနိုင်ငံတွင်းက သက်ဆိုင်သူအားလုံးနဲ့ အဖွဲ့အစည်းတွေအနေနဲ့ တိုင်းပြည်ရဲ့ ရေရှည်အကျိုးစီးပွားကို ရှေ့ရှုပြီး၊ ဖွဲ့စည်းပုံဥပဒေဘောင်အတွင်းက တရားဥပဒေနဲ့အညီ သဘောထားကွဲပြားမှုတွေကို မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းဖို့ တရုတ်နိုင်ငံက လိုလားကြောင်းလည်း ပြောဆိုခဲ့တာပါ။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ လေးဦးကို ကွပ်မျက်လိုက်ကြောင်း စစ်ကောင်စီဘက်က နိုင်ငံပိုင်သတင်းစာတွေမှာ ဇူလိုင် ၂၅ ရက်နေ့က ဖော်ပြခဲ့ပြီးနောက် ပြည်တွင်း-ပြည်ပက ဝေဖန်ရှုတ်ချကန့်ကွက်မှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတာပါ။

ဒီအထဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ned Price က မနေ့က သတင်းစာရှင်းလင်းပွဲမှာ “တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် တခြားနိုင်ငံတွေထက် ပိုပြီး သြဇာလွှမ်းမိုးနိုင်ရမယ်” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် ၂ဝ၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကနေ သေဒဏ်ချမှတ်ထားသူ ၁၁၃ ယောက်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPPB) က သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။