သက်ငယ်မုဒိမ်းမှု ပပျောက်ရေး လှုပ်ရှားမှုပြုလုပ်

သက်ငယ်မုဒိမ်းဖြစ်ပွားမှု လျော့နည်းပပျောက်ရေးအတွက် မန္တလေးမြို့မှာ ပရဟိတအဖွဲ့တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ စုပေါင်းပြီး ဒီနေ့ အသိပညာပေးလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

သက်ငယ်မုဒိမ်းမှု ပပျောက်ရေး မန္တလေးမြို့မှာ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ပရဟိတအဖွဲ့တွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ လက်ကမ်းစာစောင်ဝေငှစဉ် Photo: Khaymani Win/RFA

သက်ငယ်မုဒိမ်းဖြစ်ပွားမှု လျော့နည်းပပျောက်ရေးအတွက် မန္တလေးမြို့မှာ ပရဟိတအဖွဲ့တွေနဲ့ လွှတ်တော်ကိုယ်စား လှယ်တွေ စုပေါင်းပြီး ဒီနေ့ အသိပညာပေးလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

သက်ငယ်မုဒိမ်းမှု ဖြစ်စဉ်တွေ များလာတဲ့အတွက် လျော့နည်းပပျောက်စေဖို့ ရည်ရွယ်ပြီး လှုပ်ရှားမှုလုပ်တာဖြစ် တယ်လို့ မန္တလေးမြို့ ချမ်းမြသာစည် မဲဆန္ဒနယ် အမှတ် ၂ က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး က ပြောပါတယ်။

"သက်ငယ်မုဒိမ်းမှုက ၂၀၁၆ ထက်စာရင် ၂၀၁၇ မှာ နှစ်ရာကျော်လောက် များနေပြီ။ ဖြစ်စဉ်က အကြောင်း အမျိုးမျိုးကြောင့်ပေါ့။ မိမိကိုယ်တိုင်ကိုယ်က စိတ်က ကျူးလွန်ချင်တဲ့လူက ကျူးလွန်လို့ ဖြစ်တာ ရှိတယ်။ မူးယစ်ဆေးဝါးကြောင့်သော်လည်းကောင်း၊ နောက်လူငယ်အချင်းချင်းကလည်း အထူးသဖြင့်ပေါ့ ဒီ လိုပေါ့။ ကျူးတဲတွေမှာနေတဲ့ ကလေးငယ်တွေဆို လူငယ်ချင်းပဲပေါ့။ အသိပညာမရှိတဲ့အတွက် ကျူးလွန် မိသွားတာတွေ အမှုတွေထဲမှာ ရှိတယ်။ ဒါတွေကို ပပျောက်အောင် ပြည်သူကနေပဲ ပြည်သူကို ပြန် ပြီးတော့မှ အသိပညာပေးတဲ့ စည်းရုံးရေးလုပ်တဲ့ပုံစံမျိုးနဲ့လုပ်တာပါ။ ရည်ရွယ်ချက်ကတော့ သက်ငယ် မုဒိမ်းမှုတွေ တတ်နိုင်သမျှ ပပျောက် သွားအောင်လို့ပါ"

လှုပ်ရှားမှုတွေကို မနေ့က စတင်တာဖြစ်ပြီး ၃ လကို တစ်ကြိမ်လောက် လှုပ်ရှားမှုပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒီနေ့ လှုပ်ရှားမှုတွေထဲမှာ လက်ကမ်းစာစောင်ဖြန့်ဝေတာ၊ ဓာတ်ပုံရိုက်တာတွေ ပါဝင်ပါတယ်။ တိုင်းနဲ့ပြည်နယ်အနံှ့ မှာ ဖြစ်ပွားနေတဲ့ သက်ငယ်မုဒိမ်းမှု အခြေအနေတွေ၊ ကလေးငယ်တွေ သတိပြုဖို့၊ မိဘတွေ သတိထားဖို့ အချက်တွေကို လက်ကမ်းစာစောင်မှာ ဖော်ပြပြီး မန္တလေးမြို့ ၆၂ လမ်း ဗိုလ်ချုပ်ပန်းခြံအနီးမှာ လိုက်လံဝေခဲ့ တာဖြစ်ပါတယ်။ သက်ငယ်မုဒိမ်း လျော့နည်းပပျောက်ရေးမှာ ပါဝင်လှုပ်ရှားတဲ့အနေနဲ့ သက်ငယ်မုဒိမ်းမှု ချက်ချင်းရပ် စာတန်းပါ ပိုစတာကိုင်ဆောင်ပြီး ဓာတ်ပုံရိုက်တဲ့ လှုပ်ရှားမှုလည်း ပါဝင်တာဖြစ်ပါတယ်။

အဲဒီလှုပ်ရှားမှုမှာ အရပ်ဖက်အဖွဲ့တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ စုစုပေါင်း ၅၀ ကျော် ပါဝင်ပါတယ်။

သက်ငယ်မုဒိမ်းမှုတွေနဲ့ ပတ်သက်ပြီး မြန်ဆန်ထိရောက်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ဖို့အတွက်  တိုင်းအစိုးရအဖွဲ့ နဲ့ လွှတ်တော်ကိုလည်း အသိပေးအကြောင်းကြားစာတွေ ပေးပို့သွားမယ်လို့ ဒီနေ့ လှုပ်ရှားမှုကို ဦးဆောင်သူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org