သက်ငယ်မုဒိန်းမှုအတွက် ကြီးလေးတဲ့ ပြစ်ဒဏ် ချမှတ်ပေးဖို့ တောင်းဆို

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ် ကာလ ရောက်လာပြီ ဖြစ်တဲ့အတွက် သက်ငယ်မုဒိန်းမှု ကျူးလွန်သူတွေကို ထိထိမိမိ ဆောင်ရွက်သွားတော့ မှာဖြစ်ကြောင်း ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် မဲဆန္ဒ နယ်က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ပြောပါတယ်။

ရန်ကုန်မြို့ ကန်တော်ကြီးပန်းခြံ မျှော်စင်ကျွန်းမှာ နိုဝင်ဘာလ ၂၇ ရက်နေ့က ကျင်းပတဲ့ သက်ငယ်မုဒိန်းမှုနဲ့ ပတ်သက်ပြီး လူထုလှုပ်ရှားမှု အခမ်းအနားမှာ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ ကို တွေ့ရစဉ် Photo: Aung Thain Kha/RFA

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ်ကာလ ရောက်လာပြီဖြစ်တဲ့ အတွက် သက်ငယ်မုဒိန်းမှု ကျူးလွန်သူတွေကို ထိထိမိမိ ဆောင်ရွက်သွားတော့မှာဖြစ်ကြောင်း ရန်ကုန်တိုင်း တောင် ဒဂုံမြို့နယ် မဲဆန္ဒနယ်က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ ကန်တော်ကြီးပန်းခြံ မျှော်စင်ကျွန်းမှာ ကျင်းပတဲ့ သက်ငယ်မုဒိန်းမှု ကျူးလွန်သူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်ပေးဖို့ တောင်းဆိုတဲ့ လူထုလှုပ်ရှားမှု အခမ်းအနားမှာ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောတာဖြစ်ပါတယ်။

"ကျနော့်ရဲ့ မြို့နယ်ရုံးလေးဟာ အခန်းကျဉ်းလေးပါပဲ တောင်ဒဂုံမှာ၊ အခန်းကျဉ်းတယ် ဆိုပေမယ့်လည်း လာရောက်အကူအညီတောင်းတဲ့လူထုကတော့ အပြည့်ပါပဲ၊ အဲအထဲမှာမှ ကျနော့်ဆီကို ဖုန်းဝင်လာတယ်၊ သက်ငယ်မုဒိန်းတစ်ခု အကူအညီတောင်းချင်လို့ပါဆိုပြီးတော့၊ ကျနော်က လာခဲ့ပါပေါ့နော်၊ ဟိုးယခင်တုန်းကလည်း ဒါမျိုးတွေကို ကျနော် ကူညီပေးခဲ့ဖူးတာတွေရှိတယ်၊ ဒါပေမဲ့လည်း ရေများရေနိုင်၊ မီးများမီးနိုင်ဆိုတဲ့ကိစ္စတွေနဲ့ပဲ မထင်မရှားပဲ ပျောက်ကွယ်သွားခဲ့ရတယ်၊ ဒါပေမဲ့ ဒီနေ့ ဒီအချိန်မှာတော့ အမေစု ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်တစ်ရပ်အနေနဲ့ တက်လာပြီ၊ ဒါတွေကို ကျနော်တို့ ထိထိမိမိဆောင်ရွက်ဖို့လိုလာပြီ"

အသက်ငယ်ရွယ်တဲ့ မိန်းကလေးတွေအပေါ် အဓမ္မပြုကျင့်မှုတွေနဲ့ပတ်သက်ပြီး တိုင်ကြားတဲ့အခါ  ဌာနဆိုင်ရာ တာဝန်ရှိသူတွေက အရေးတယူဆောင်ရွက်ပေးတာ မရှိကြောင်းလည်း ဦးညီညီက ပြောပါတယ်။

ဒါ့အပြင် အဲဒီလိုအမှုမျိုးတွေနဲ့ပတ်သက်ပြီး ဥပဒေတစ်ရပ်ထုတ်ပြန်နိုင်ဖို့ ပြည်ထောင်စုလွှတ်တော်က ကြိုးစားနေကြောင်းနဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေကလည်း သက်ဆိုင်ရာ မြို့နယ်တွေမှာ ပညာပေးလက်ကမ်းစာစောင်တွေ ဝေပေးနေတယ်လို့ ပြောပါတယ်။

သက်ငယ်မုဒိမ်းမှု လူထုလှုပ်ရှားမှုကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေ၊ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ၊ ဥပဒေပညာရှင်တွေနဲ့ အနုပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org