UWSA မူးယစ်ဆေးအမှု ရှစ်ဦး လွတ်မြောက်
ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ရေအေးကွင်း ရပ်ကွက်မှာ အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူထားတဲ့ UWSA 'ဝ' တပ်ဖွဲ့က ဗိုလ်မှူးတစ်ဦးနေအိမ်မှာ ကျပ်သိန်းထောင်ဂဏန်းရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးခဲ့တဲ့ ၁၈ ဦး အနက် ၈ ဦး ဟာ အမှုကနေ လွတ်မြောက်သွားပြီလို့ သိရပါတယ်။
-
2014-06-01 -
-
-
ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ရေအေးကွင်း ရပ်ကွက်မှာ အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူထားတဲ့ UWSA 'ဝ' တပ်ဖွဲ့က ဗိုလ်မှူးတစ်ဦးနေအိမ်မှာ ကျပ်သိန်းထောင်ဂဏန်းရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးခဲ့တဲ့ ၁၈ ဦး အနက် ၈ ဦး ဟာ အမှုကနေ လွတ်မြောက်သွားပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့က တောင်ကြီးခရိုင်တရားရုံး က အမိန့်ချမှတ်လိုက်တာနဲ့ပတ်သက်ပြီး အဲဒီအထဲက ၃ ဦးကို အမှုလိုက်ပါ ဆောင်ရွက်ပေးခဲ့တဲ့ ရှေ့နေ ဒေါ် ကြည်ကြည်သန်းက အခုလိုပြောပါတယ်။
"၈ ယောက်တော့လွတ်တယ် ၁၀ ယောက်ကတော့ ကျတယ်ရှင့်၊ ၁၅ ဆိုတာက သောက်သုံးစားပေါ့နော်၊ ၁၆ (ဂ) ဆိုတာက လက်ဝယ်ထားတာပေါ့၊ ၁၉(က)/၂၁ ကျတော့ အဲ့ဒီလက်ဝယ်ထားတဲ့သူတွေ ကို အားပေးတာဆိုပြီး အဲ့ဒီယာနဲ့ပဲ စွဲတာရှင့်၊ စွဲတဲ့အခါကျတော့ အခုကျမတို့ အဓိကကတော့ သောက်သုံးတဲ့သူတွေက မလွတ်တဲ့သူတွေကျတော့ ထောင် ၄ နှစ်စီကျတယ်၊ အဲ့ဒီလက်ဝယ်မိ တဲ့သူတွေကျတော့ ၆ နှစ်စီလောက်ကျတယ်၊ ၁၉ (က)/၂၁ ကတော့ အကုန်လုံးလွတ်သွားတာလား မသိဘူး"
ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၁၃ရက်နေ့က 'ဝ' တပ်ဖွဲ့က ဗိုလ်မှူး တုံချမ်းဆိုသူ ပိုင်ဆိုင်တဲ့နေအိမ်မှာ ကျပ်သိန်း ၁၄၀၀ ကျော်တန်ရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ သုံးစွဲသူ ရောင်းချသူတွေ စုစုပေါင်း ၁၈ဦးကို မူးယစ်အထူးအဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အဲ့ဒီလိုဖမ်းဆီးရာမှာ WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား သုံးသောင်းကျော်၊ ဘိန်းဆီခဲ တစ်ကီလိုခွဲနီးပါးနဲ့ နေအိမ်ခြံဝန်းအတွင်းက မော်တော်ယာဉ် ၃ စီး၊ မော်တော်ဆိုင်ကယ် ၁ စီးတို့ကို သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။
အဲ့ဒီဖမ်းဆီးရမိမှုဟာ တောင်ကြီးမြို့မှာ ဖြစ်ပွားခဲ့တဲ့ မူးယစ်ဆေးဝါးအမှုတွေထဲမှာ တရားခံအရေအတွက် အများဆုံးပါဝင်တဲ့ အမှုဖြစ်တယ်လို့လည်း သိရပါတယ်။