ဗဟိုဝန်ထမ်းတက္ကသိုလ်က သင်ကြားရေးစနစ် ပြန်လည်ဆန်းစစ်ဖို့ ဒေါက်တာ ဇော်မြင့်မောင်ပြော
ဗဟိုဝန်ထမ်းတက္ကသိုလ်က သင်ကြားရေးနည်းစနစ်တွေကို ပြန်လည်လေ့လာဆန်းစစ်သင့်တယ်လို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ဒီနေ့ပြောလိုက်ပါတယ်။
-
2018-12-26 -
-
-
Your browser doesn’t support HTML5 audio
ဗဟိုဝန်ထမ်းတက္ကသိုလ်က သင်ကြားရေးနည်းစနစ်တွေကို ပြန်လည်လေ့လာဆန်းစစ်သင့်တယ်လို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ဒီနေ့ပြောလိုက်ပါတယ်။
ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်က သင်ကြားရေးစနစ်တွေအကြောင်းကို ဇီးပင်ကြီး စစ်တမ်းဆိုပြီး Facebook ပေါ်မှာ ဝေဖန်ရေးသားခဲ့တဲ့ မိုးကုတ်မြို့နယ် သွားကျန်းမာရေးဆရာဝန် ဒေါက်တာ စိုးသူရဇော်နဲ့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ ဒီနေ့တွေ့ဆုံရာမှာ ပြောကြားလိုက်တာလို့ ဒေါက်တာ ဇော်မြင့်မောင်က Mizzima သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။
ဒေါက်တာ စိုးသူရဇော်ဟာ ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ သင်ယူခဲ့ရတဲ့အထဲက ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဆရာတွေရဲ့ သင်ကြားချက်တွေကို အပိုင်း တစ်၊ နှစ်၊ သုံး ဆိုပြီး သူရဲ့ Facebook အကောင့်မှာ ရေးသားခဲ့ရာမှာ ခုံရုံးဖွဲ့ စစ်ဆေးတာတွေရှိခဲ့ပြီး ဒီလိုစစ်ဆေးခဲ့တဲ့အပေါ် ဝေဖန်တာတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်က တာဝန်ရှိသူတွေဟာ ဒီကနေ့မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပမယ်ဆိုပြီး မီဒီယာသမားတွေကို ဖိတ်ခေါ်ခဲ့ပေမယ့် ခွင့်ပြုချက်မရတာကြောင့် သတင်းစာရှင်းလင်းပွဲ ပျက်သွားခဲ့ကြောင်း ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
ကျန်းမာရေးဝန်ကြီး ဒေါက်တာ မြင့်ထွေး ကတော့ ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်ကို ဝေဖန်ရေးသားခဲ့တဲ့ မိုးကုတ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဌာနက ဒေါက်တာ စိုးသူရဇော် ကို အရေးယူမှမဟုတ်ဘူးလို့ ပြီးခဲ့တဲ့ရက်ပိုင်းက မီဒီယာတွေကို ဖြေကြားထားပါတယ်။
ဗဟိုဝန်ထမ်းတက္ကသိုလ်က သင်ကြားရေးနည်းစနစ်တွေကို ပြန်လည်လေ့လာဆန်းစစ်သင့်တယ်လို့ မန္တလေးတိုင်းဒေသကြီး ဒီနေ့ပြောလိုက်ပါတယ်။
"ဇီးပင်ကြီးနဲ့ ပတ်သက်ပြီး ဒေါက်တာ စိုးသူရဇော် ရေးထားတဲ့ ၁၊ ၂၊ ၃ အဲ့ဒါတွေ ကျနော် အကုန်ဖတ်ပြီးပါပြီ၊ ဒီမိုကရေစီ ယဉ်ကျေးမှုအရ ဖြစ်ကိုဖြစ်ရမယ်ဗျ၊ ဝန်ထမ်းကောင်းတစ်ယောက် မွေးထုတ်ပေးဖို့ ကျနော် အဲဒါလက်ခံတယ်ဗျ၊ ဝန်ထမ်းတွေကောင်းမှ တိုင်းပြည်ကောင်းမှာ၊ ဒီပြဿနာကို အေးအေးဆေးဆေး ဖြေရှင်းရမယ့်ကိစ္စပါ၊ ဒါပေမဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ်တွေရဲ့ သင်ရိုးညွှန်းတမ်းတွေကတော့ ပြန်လည် သုံးသပ်သင့်ပါတယ်၊ အဖွဲ့ဖွဲ့ပြီးတော့ကို ဘာတွေသင်သလည်း မေးပါပေါ့၊ သင်တန်းကတော့ သင်တန်းနဲ့ တူအောင်တော့ နေရထိုင်ရတာတွေရှိမှာပဲ၊ ကျနော် ဒါတွေတော့ မပြောချင်ဘူး၊ သင်ကြားရေးအပိုင်းက တက်လာတဲ့ သင်တန်းသူ၊ သင်တန်းသားရဲ့ ဘယ်အတတ်ပညာနယ်ပယ်က လာတာလည်းဆိုတာနဲ့ ကွဲခြားသွားပါလိမ့်မယ်"
ဗဟိုဝန်ထမ်းတက္ကသိုလ်က သင်ကြားရေးစနစ်ကို ဝေဖန်ရေးသားခဲ့တဲ့ မိုးကုတ်မြို့နယ် သွားကျန်းမာရေး ဆရာဝန် ဒေါက်တာ စိုးသူရဇော် ကတော့ သင်တန်းတက်ချိန်က ကြုံတွေ့ခဲ့ရတာကို အခုလိုပြောပါတယ်။
"ပါမောက္ခ ဆရာတစ်ယောက်က စာလာသင်တဲ့အချိန်မှာ နိုင်ငံရေးသိပ္ပံသင်ရင်းနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စကို ရောက်သွားတယ်ပေါ့နော်၊ အဲ့မှာ ပြည်တွင်းငြိမ်းချမ်းရေးမှာ လက်ရှိ NLD က ဦးဆောင်ဖွဲ့ထားတဲ့ အစိုးရက စေတနာမရှိလို့ ငြိမ်းချမ်းရေးဖြစ်စဉ် မအောင်မြင်တာဆိုပြီး သူ့အမြင်ကို သုံးသပ်ပြောသွားတယ်ပေါ့နော်၊ အဲ့မှာ ကျနော်က ထပြီးတော့ ကန့်ကွက်ဆွေးနွေးခဲ့တယ် အဲ့ဒါတွေဖြစ်ခဲ့ပါတယ်"
တစ်ဆက်တည်းမှာပဲ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း (လူ့အခွင့်အရေးဆပ်ကော်မတီ) ကလည်း ဇီးပင်ကြီး စစ်တမ်းကိစ္စကို စောင့်ကြည့်နေပြီး လေ့လာတွေ့ရှိချက်တွေကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ သမ္မတထံ တင်ပြသွားမယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း (လူ့အခွင့်အရေးဆပ်ကော်မတီ ) က ရှေ့နေ ဦးသိန်းသန်းဦးက အခုလိုပြောပါတယ်။
"ဒေါက်တာ စိုးသူရဇော် တက်တဲ့ သင်တန်းမှာပါဝင်တဲ့ သင်တန်းသား ၁၅၀ ဆီက သင်တန်းဆရာတွေက NLD အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ရပ်တွေကို ရှုံ့ချပြောဆိုတဲ့ အထောက်အထားတွေရပြီးပြီ၊ ဘယ်လိုတွေပြောတယ်၊ နောက် ပါမောက္ခတွေက ဘယ်လိုလူမျိုးဆိုတာတွေ ရပြီးပါပြီ၊ ဒီအခြေအနေတွေကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ နိုင်ငံတော် သမ္မတတွေဆီကို ပို့ပေးပြီးတော့ အဲ့မှာ သင်ရိုးတွေက ဘာတွေလည်း၊ လက်ရှိခေတ် အခြေအနေအရ လူထုအစိုးရရဲ့ မူဝါဒတွေနဲ့ ကိုက်လားဆိုတာတွေ သုံးသပ်နိုင်အောင်ပါ"
ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် တာဝန်ရှိသူတစ်ဦးက ဒီကနေ့မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပမယ်ဆိုပြီး မီဒီယာသမားတွေကို ဖိတ်ခေါ်ခဲ့ပေမယ့် ခွင့်ပြုချက်မရတာကြောင့် သတင်းစာရှင်းလင်းပွဲ ပျက်သွားခဲ့ကြောင်း RFA ကို အခုလို ပြောပါတယ်။
"ကျနော်တို့လုပ်ထားတာက ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရဲ့ ဇီးပင်ကြီးရဲ့ လုပ်ထားတာတွေကို တင်ပြဖို့ပါ၊ အဲဒါလေးကို မထူးပါဘူး ဝက်ဆိုဒ် တင်လိုက်ပါဆိုလို့ပါ"
ဇီးပင်ကြီးစစ်တမ်းမှာ ပါဝင်တဲ့အချက်တွေဟာ မှန်ကန်တယ်ဆိုပြီး အတူသင်တန်းတက်ခဲ့သူတွေ၊ ဗဟိုဝန်ထမ်းတက္ကသိုလ်တွေမှာ တက်ရောက်ဖူးသူတွေက ဒေါက်တာ စိုးသူရဇော် ကို ထောက်ခံအားပေးမှုတွေများခဲ့ပြီး အရေးယူမယ်ဆိုတာကို ဝေဖန်တာတွေရှိခဲ့ပါတယ်ရှင်။
ဒီသတင်းကို RFA သတင်းထောက် ခေမဏီဝင်း ပေးပို့လိုက်တာပါ။