ဒစ်ဂျစ်တယ်ငွေကြေးရောင်းဝယ်မှုကို အရေးယူမယ်လို့ ဗဟိုဘဏ်ထုတ်ပြန်

ဒစ်ဂျစ်တယ် ငွေကြေးတွေ အရောင်းအဝယ်ပြုလုပ်တာနဲ့ ဟွန်ဒီငွေလွှဲလုပ်ငန်းတွေကို အရေးယူမယ်လို့ မြန်မာနိုင်ငံ ဗဟိုဘဏ်က မေ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အား တွေ့ရစဉ်။

ဒစ်ဂျစ်တယ် ငွေကြေးတွေဖြစ်တဲ့ Cryptocurrency, Bitcoin(BTC) ၊ Litecoin(LTC)၊ Ethereum(ETH)၊ Perfect Money (PM) နဲ့ USDT အရောင်းအဝယ်ပြုလုပ်တာနဲ့ ဟွန်ဒီငွေလွှဲလုပ်ငန်းတွေကို အရေးယူမယ်လို့ မြန်မာနိုင်ငံ ဗဟိုဘဏ်က မေလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြည်တွင်းမှာအသုံးပြုတဲ့ ငွေတွေကို ဗဟိုဘဏ်ကသာထုတ်ဝေပြီး စီမံခန့်ခွဲသူဖြစ်သလို ဒစ်ဂျစ်တယ်ငွေကြေးကို တရားဝင်ငွေကြေးအဖြစ် သတ်မှတ်ထားတာမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် USDT ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို အရေးယူသွားမှာလို့ ဆိုပါတယ်။

ဗဟိုဘဏ်ဟာ ကျပ်ငွေတန်ဖိုးကျဆင်းလာပြီး ရွှေနဲ့ ဒစ်ဂျစ်တယ်ငွေကြေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံသူ များလာတဲ့အပေါ် အတင်းအကျပ် ထိန်းဖို့ကြိုးစားနေတာလို့ ဒစ်ဂျစ်တယ်ငွေကြေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ကျပ်ငွေက ဘယ်သူမှ မကိုင်ထားရဲတော့ဘူး။ တချို့က ရွှေဝယ်တယ်၊ မြေဝယ်တယ်။ အဲဒါတွေကလည်း ပြည်တွင်းမှာ မငြိမ်ဘူး လှုပ်လှုပ်ခတ်ခတ် ဖြစ်တာများတယ်။ နည်းပညာနဲ့နီးစပ်တဲ့ သူတွေကလည်း ဒစ်ဂျစ်တယ် ငွေကြေးပဲ စုကြတော့တာပေါ့။ အဓိကတော့ ကျပ်ငွေတန်ဖိုးကို အတင်းအကျပ် ထိန်းဖို့ကြိုးစားတာပါပဲ”

ကျပ်ငွေတန်ဖိုးကျလာပြီး ရွှေဈေးနဲ့ဒေါ်လာဈေး မြင့်တက်လာမှုအပေါ် ထိန်းချုပ်နိုင်ဖို့ ပြင်ပက နိုင်ငံခြားငွေလဲ လုပ်ငန်းနဲ့ ငွေလွှဲလုပ်ငန်းတွေကို မကြာခဏ စစ်ဆေးအရေးယူနေတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလအတွင်းမှာလည်း နိုင်ငံခြားငွေလဲလိုင်စင်ရကုမ္ပဏီ ၃၁ ခုကို စစ်ကောင်စီရဲ့ ဗဟိုဘဏ်က လုပ်ငန်းလိုင်စင်ပိတ်တာနဲ့ ယာယီရပ်ဆိုင်းတာတွေ လုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ပြည်တွင်းရွှေစျေးနဲ့ ဒေါ်လာစျေးက ကျမသွားဘဲ စံချိန်တင်စျေးတက်တာတွေ ဆက်တိုက်ဖြစ်နေတယ်လို့ ဒေါ်လာအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

မေလ ၂၅ ရက်နေ့ ဒီနေ့မနက်ပိုင်း အခေါက်ရွှေဈေး တစ်ကျပ်သားကို ငွေကျပ် ၅၂ သိန်းနီးပါး (၅,၁၉၀,၀၀၀) အထိ မြင့်တက်လာပြီး အမေရိကန် ဒေါ်လာငွေလဲနှုန်းကလည်း တစ်ဒေါ်လာကို ၄၂၀၀ ကျပ်အထိ ရှိလာပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org