အပစ်ရပ်ထားတဲ့ ကိုးကန့်ဒေသမှာ တိုက်ပွဲပြန်ဖြစ်
စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့တို့ အပစ်ရပ်ဖို့ သဘောတူထားပေမယ့် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသမှာ တိုက်ပွဲပြန်ဖြစ်ခဲ့တယ်လို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။
-
RFA Burmese
2024-01-17 -
-
-
စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့တို့ အပစ်ရပ်ဖို့ သဘောတူထားပေမယ့် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသမှာ ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေပိုင်းက တိုက်ပွဲပြန်ဖြစ်ခဲ့တယ်လို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။
ကိုးကန့်ဒေသက ကိုးကန်တပ်ဖွဲ့က တပ်စွဲထားတဲ့ ကချင်တောင်နဲ့ မီတာ သုံးဆယ် အကွာကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့ ရောက်လာပြီး လက်ပစ်ဗုံးနဲ့ စတင် ပစ်ခတ်တာကနေ မိနစ် နှစ်ဆယ်ခန့် တိုက်ပွဲဖြစ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီတိုက်ခိုက်မှုကို ပြုလုပ်သူတွေဟာ အပစ်ရပ်ထားတာကို မသိသေးဘဲ မိခင်တပ်ရင်းတွေနဲ့ တိုက်ပွဲအတွင်းက ကွဲကွာသွားတဲ့ စစ်ကောင်စီတပ်ရဲ့ လက်ကျန်တပ်ဖွဲ့ဝင်တွေ ဖြစ်နိုင် တယ်လို့ ရှမ်းပြည်အခြေစိုက် စစ်ရေးလေ့လာသူတစ်ဦးက ပြောပါတယ်။
“လောက်ကိုင်၊ ကုန်းကြမ်း၊ ရန်လုံကြိုင်းနယ်တွေဆိုတာ နယ်မြေ တအားကြမ်းတယ်။ အဆက်အသွယ်လည်း ခက်တယ်လေ။ ကြည့်ရတာ တိုက်ပွဲတုန်းက တောထဲ ရောက်သွားတဲ့ စစ်တပ် လက်ကျန်အဖွဲ့တွေ ဖြစ်ဖို့များတယ်။ သူတို့က အပစ်ရပ် လိုက်တယ်ဆိုတာမျိုး မြေပြင် အခြေအနေရောသိရဲ့လား မသိဘူး”
ဇန်နဝါရီလ ၄ ရက်နေ့က လောက်ကိုင် ဒေသကွပ်ကွဲမှု စစ်ဌာချုပ်က ဗိုလ်မှူးချုပ်တွေ အပါအဝင် ထောင်နဲ့ချီတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လက်နက်ချခဲ့ပြီး လောက်ကိုင်မြို့ကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ခဲ့ပါတယ်။ လက်နက်ချသူတွေကို လားရှိုးအထိ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ကိုးကန့်ဒေသတစ်ခုလုံးမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ မရှိတော့ကြောင်း MNDAA ဘက်က ထုတ်ပြန်ထားတာပါ။
ဇန်နဝါရီလ ၁၁ ရက်နေ့မှာတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင် သုံးဖွဲ့တို့အကြား အပစ်ရပ်ကြောင်း ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၃ ရက်နေ့ကစပြီး ထိုးစစ်တွေ ပြန်ဆင် နေတာကြောင့် တိုက်ပွဲတွေ ဆက်ရှိနေပြီး ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်၊ကျောက်မဲနဲ့ ကွတ်ခိုင်မြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်တာတွေ ရှိခဲ့တယ်လို့ မြောက်ပိုင်းသုံးဖွဲ့က ပြောထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ် ၁၅ မြို့ကို မြောက်ပိုင်းညီနောင် သုံးဖွဲ့က တိုက်ခိုက် သိမ်းယူထားပါတယ်။