အာဏာပိုင်တွေနဲ့ပေါင်းပြီး ကားအဟောင်း အတင်းအကြပ် ဝယ်ယူ
ကားဟောင်းပိုင်ရှင်တွေကို ပြည်ပက ကားဝယ်ယူ တင်သွင်းခွင့်ပြုမယ်လို့ အစိုးရက ကြေညာပြီးတဲ့နောက် မကွေးတိုင်း ချောက်မြို့နယ်မှာ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး အတင်းအကြပ် ဝယ်ယူတာတွေ ရှိနေတယ်လို့ သိရပါတယ်။
-
2011-09-21 -
-
-
မြန်မာနိုင်ငံတွင် ကားတင်သွင်းခွင့် ပါမစ်ကို ချုပ်ကိုင်ထားသောကြောင့် ကားဈေးများ အဆမတန် မြင့်မားနေပါသည်။
(Photo: AFP)
ချောက်မြို့နယ် သလုံးသွေးရွာက ဦးရွှေသီး၊ ဒေါ်စန်းဌေးတို့ ပိုင်တဲ့ ဂျစ်ကားကို အာဏာပိုင်နဲ့ ပတ်သက်သူတွေက အတင်းအကြပ် ဝယ်ယူခဲ့တယ်လို့ ကာယကံရှင် ဒေါ်စန်းဌေးက ပြောပါတယ်။
ချောက်မြို့က ဦးဖိုးလှအေးနဲ့ ဇနီးဒေါ်ရာဇာတို့ကို ငွေ ၅ သိန်း ပြန်ပေးစရာရှိတဲ့ အတွက် ဒေါ်စန်းဌေးတို့က ပြန်ပေးခဲ့ပေမဲ့ လက်မခံဘဲ တရားရုံးကို ခေါ်ပြီး သူတို့ပိုင်ကားကို သိန်း ၅၀ နဲ့ အတင်းအကြပ် ဝယ်ယူခဲ့ကြောင်း၊ ဒေါ်ရာဇာက သူဟာ ဗိုလ်ချုပ်စိုးနိုင်ရဲ့ တူမဖြစ်တယ်လို့ ပြောဆိုခဲ့သလို တရားသူကြီးကလည်း ကားကို ပေးဖို့ ခြိမ်းခြောက် ပြောဆိုတဲ့အတွက် ကြောက်ရွံ့ပြီး ပေးခဲ့ရကြောင်း ပြောပြပါတယ်။
ဦးရွှေသီး ဒေါ်စန်းဌေးတို့ဆီက အဲဒီဂျစ်ကားဝယ်လိုက်သူဟာ လတ်တလောမှာ ကားဟောင်းတွေ စုဆောင်း နေတယ်လို့လည်း ဒေါ်စန်းဌေးက ပြောပါတယ်။ ဒေါ်စန်းဌေးတို့ရဲ့ ဂျစ်ကားဟာ လက်ရှိ ကာလပေါက်ဈေး အရ သိန်း ၇၀ လောက် တန်ကြေးရှိတယ်လို့ နီးစပ်သူတယောက်က ပြောပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က သီးသန့် အတည်ပြုချက် မရရှိသေးပါဘူး။
အက္ခရာနိမ့်တဲ့ ကားအဟောင်း ရှိသူတွေကို ကားအသစ် ပြည်ပက တင်သွင်းခွင့် ပြုမယ်လို့ အစိုးရက အခုလ အစောပိုင်းက ကြေငြာခဲ့အပြီး ကားအဟောင်းဈေးတွေ
ထိုးတက်ခဲ့ပါတယ်။