ကုလ အစီရင်ခံစာ မြန်မာ ပယ်ချရင်း တာဝန်ခံမှုရှိဖို့ ကတိပြု
ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်နေတဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ရှိခဲ့မယ်ဆိုရင် တာဝန်ခံမှုရှိစေဖို့အတွက် မြန်မာအစိုးရအနေနဲ့ အပြည့်အဝ ကတိပြုကြောင်းနဲ့ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်တစ်ခု ဖွဲ့စည်းဆောင်ရွက်နေကြောင်း သောကြာနေ့ က ပြောကြားလိုက်ပါတယ်။
-
2018-09-29 -
-
-
ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်နေတဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ရှိခဲ့မယ်ဆိုရင် တာဝန်ခံမှုရှိစေဖို့ အတွက် မြန်မာအစိုးရအနေနဲ့ အပြည့်အဝ ကတိပြုကြောင်းနဲ့ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်တစ်ခု ဖွဲ့စည်းဆောင်ရွက်နေကြောင်း သောကြာနေ့ က ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာဟာ ခိုင်ခိုင်မာမာ သက်သေမပြနိုင်တဲ့ ဖြစ်ရပ် ဇာတ်ကြောင်းတွေကို အခြေခံထားတာဖြစ်တယ်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ က ပြောကြားပါတယ်။
တစ်ဆက်တည်းမှာပဲ အဲဒီ အစီရင်ခံစာကြောင့် တင်းမာမှုတွေ ပိုမိုဖြစ်ပေါ်စေပြီး ရခိုင်ပြည်နယ်မှာရှိတဲ့ လူမှု အသိုက်အဝန်းတွေအကြား အလွန်လိုအပ်နေတဲ့ လူမှုပေါင်းစည်းနေထိုင်မှု တည်ဆောက်ရေးအတွက် မြန်မာအစိုးရ ရဲ့ ကြိုးပမ်းမှုတွေကို ထိခိုက်နိုင်တယ်လို့ သူက ပြောပါတယ်။
ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးအနေနဲ့ မြန်မာနိုင်ငံကို တရားစီရင်ခွင့်မရှိကြောင်း ဝန်ကြီး ဦးကျော်တင့်ဆွေ က ထပ်မံပြောကြားခဲ့ပြီး ၂ဝ၁၇ သြဂုတ်လမှာ အာဆာ အကြမ်းဖက်မွတ်စလင်အဖွဲ့က ရခိုင်ပြည်နယ်မှာရှိတဲ့ ရဲစခန်း တွေကို ဝင်တိုက်ခဲ့တဲ့အတွက် ဒေသခံအမြောက်အမြား ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဝန်ကြီးရဲ့ ပြောဆိုချက်ဟာ အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကြောင့် ထွက်ပြေးရတယ် ဆိုတဲ့ ဒုက္ခသည်တွေနဲ့ နိုင်ငံတကာရဲ့ ပြောဆိုချက်တွေနဲ့ ကွဲလွဲနေပါတယ်။
ဒါ့အပြင် ထွက်ပြေးသူ ၇ သိန်းခန့်ထဲက လူတချို့ ပြန်လည်ဝင်ရောက်လာတယ်လို့ ပြောဆိုခဲ့ပေမယ့် အရေအတွက် ကို သူက ထည့်သွင်းပြောကြားသွားခဲ့ခြင်း မရှိပါဘူး။